ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါမှော်ဝေလုံဘက်မှာ ဒီကနေ့ ဒီဇင်ဘာ ၁ ရက် မနက်ပိုင်းကစပြီး ညနေအထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ဝှေခါမှော်ဘက်ခြမ်းက ဝေလုံဘက်ပေါ့ မနက်ကတည်းက ပစ်နေကြတာ။ အခုညနေအထိ မပြီးသေးဘူး။ မြို့ထဲက ဗျူဟာကုန်းပေါ်ကလည်း ညနေ ၃ နာရီခွဲဝန်းကျင်က လက်နက်ကြီးနဲ့ နှစ်ချက်ပစ်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မက်လင်ခြောင်ဘက်ခြမ်းမှာလည်း နိုဝင်ဘာ ၃၀ ရက် ည ၈ နာရီလောက်က ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ မရှိဘူးလို့ သိရပါတယ်။
ဖားကန့်မြို့နယ်အတွင်း ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ မကြာခဏဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်ကို ဩဂုတ် ၂၀ ရက် ည ၈ နာရီကစပြီး အင်တာနက်ပိတ်ထားတာ ၃ လ ကျော် ရှိနေပြီလည်း ဖြစ်ပါတယ်။