Home
ဆောင်းပါး
သူရဲကောင်းဆန်တဲ့ ရုန်းကန်ဆန့်ကျင်မှုကလွဲလို့ ပြည်သူမှာ ရွေးချယ်စရာ မရှိ
DVB
·
December 1, 2021

မအောင်မြင်တဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ မအောင်မြင်တဲ့ နယ်မြေရှင်းလင်းရေး စစ်ပွဲဆီ တပ်မတော်ကို ဆွဲခေါ်သွားပါတယ်။ တိုင်းပြည်ကို ဆင်းရဲဒုက္ခနဲ့ ပျက်ပြုန်းမှုဆီ သူ တွန်းပို့နေပါတယ်။ 

အရည်အချင်းမရှိဘဲ ဘုရင်ရူး ရူးနေတဲ့ စစ်ဗိုလ်ချုပ်မင်းအောင်လှိုင်ဟာ ပုဂ္ဂလိက ရည်မှန်းချက်နဲ့ အလိုလောဘ သက်သက်အတွက် အကြွင်းမဲ့ မှားယွင်းတဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေနဲ့  စစ်တပ်နဲ့ ပြည်သူ ၅၅ သန်းရဲ့ တိုင်းပြည်ကို မအောင်မြင်တဲ့ အာဏာသိမ်းဖို့ အားထုတ်မှုဆီ ဆွဲခေါ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ရလဒ်ကတော့ ၁၀ လလောက်ကာလအတွင်းမှာ တိုင်းပြည်ဟာ ပိုပြီး နက်ရှိုင်းသထက် နက်ရှိုင်းလာတဲ့ ဖရိုဖရဲဖြစ်မှု၊ အကြမ်းဖက်မှု၊ စီးပွားပျက်မှု၊ အပြစ်မဲ့ ပြည်သူတွေ ကြီးမားတဲ့ ဆင်းရဲဒုက္ခဆီ တိုးဝင်လာတာပဲ ရှိပါတယ်။ 

အခုတော့ မအောင်မြင်တဲ့ အာဏာသိမ်းခေါင်းဆောင်နဲ့ ပြစ်မှုအကြိမ်ကြိမ် ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်ကောင်ဟာ တပ်မတော်ကို နောက်တကြိမ်သော နွေရာသီ နယ်မြေရှင်းလင်းရေးစစ်ပွဲဆီ ဆွဲခေါ်နေပြန်ပါပြီ။ ခုထိတွေ့ရတဲ့ ကျဆုံးစစ်သား အရေအတွက်အရတော့ အရည်အချင်းမဲ့တဲ့ အကြိမ်ကြိမ် အရှုံးသမား စစ်ဗိုလ်ချုပ်ရဲ့ နောက်တကြိမ်သော မအောင်မြင်မှု ဖြစ်လာဖို့ ရှိပါတယ်။ 

ကံမကောင်းတာက တပ်မတော်ဟာ စစ်လက်နက် အမာထည်မှာ တဘက်သက် အသာစီးရနေတော့ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခ၊ အသေအပျောက်နဲ့ ဆုံးရှုံးမှုလည်း ကြီးမားမယ့် အခြေအနေပါ။ 

နှစ်ဘက် ညှိနှိုင်းစကားပြောကြပါဆိုတဲ့ ဆင့်ခေါ်မှုက အိမ်နီးချင်းနဲ့ နိုင်ငံတကာ ဆက်နွှယ်ပတ်သက်သူတွေဟာ မြန်မာ့အကျပ်အတည်းမှာ ရှေ့ဆောင်ရှေ့ရွက်ပြုမှုမရှိတဲ့ မလှုပ်မရှား အခြေအနေသက်သက်နဲ့ နောက်ထပ်လတွေ ကြာဦးမယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်ပါလိမ့်မယ်။

အဲဒီအချိန်မှာ ရာဇဝတ်ကောင် စစ်ခေါင်းဆောင်တွေဟာ တပ်မတော်ကို ပိုနက်ရှိုင်းတဲ့ ရက်စက်မှုတွေဆီ၊ ရာဇဝတ်မှုတွေဆီ၊ ကိုယ့်ဘက်က အကျအဆုံးတွေဆီ၊ နောက်တကြိမ် အရှုံးဆီ ဆွဲခေါ်သွားပါလိမ့်ဦးမယ်။ 

ပြည်သူတွေကတော့ သူရဲကောင်းဆန်စွာ၊ ပြင်းထန်စွာ ခုခံကာကွယ်ကြပါလိမ့်မယ်။ သူတို့မှာ တခြား ရွေးစရာမှ မရှိတာကိုး။

မြန်မာပြည်နိုင်ငံရေး ဆိုးမွေသစ်နှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ နိုင်ငံရေးအရေခြုံမှု

PDFs တွေနဲ့ တခြားသော တော်လှန်ရေးအဖွဲ့တွေ ပေါ်ပေါက်လာတဲ့ ကိစ္စအတွက် NUG မှာ တာ၀န်ရှိသည်ဟု ဆိုပါက နိုင်ငံတကာအသိုက်အဝန်းသည်လည်း တာ၀န်မကင်းပါ။ 

ရွေးကောက်ခံအမတ်တွေနဲ့အတူ  ရပ်တည်သည်ဟု ကြေညာသော်လည်း အာဏာသိမ်း ဆန့်ကျင်လှုပ်ရှားမှုအတွက် ထိရောက်မှန်ကန်တဲ့ အကူအညီတွေကို မည်သည့်နိုင်ငံကမျှ မပေးခဲ့ပါ။ ပေးရန်လည်း ဆန္ဒမရှိခဲ့ကြပါ။ 

ထိုရွေးကောက်ခံအမတ်တွေက တရားဝင် ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းပြီး အာဏာသိမ်းမှုနဲ့ အပြစ်မဲ့အရပ်သားတွေကို သတ်ဖြတ်ခြင်းကို ဆန့်ကျင်ဖို့ မတ်လကတည်းက အကူအညီ တောင်းခံခဲ့သော်လည်း “၀မ်းနည်းရပါသည်၊ စိုးရိမ်ပူပန်ပါသည်” ဆိုသည်ထက် မပိုခဲ့ပါ။ 

တကမ္ဘာလုံး မြင်နေရတဲ့ နေ့ခင်းကြောင်တောင်အချိန်မှာပင် အရပ်သားတွေကို စစ်ကောင်စီက သတ်ဖြတ်နေတာကို တောင် အရံသင့် စောင့်နေရုံထက် ပိုပြီး ဘာမျှ မကူညီခဲ့ကြပါ။  ရွေးကောက်ခံအမတ်တွေကို အသိအမှတ်ပြုဖို့ ၊ IDP တွေကို ကူညီဖို့လည်း  ဘာမှ မလုပ်။ 

နိုင်ငံရေးစျေးကွက်ရှာသဘောမျှ ဖြစ်တဲ့ သံအမတ်တွေရဲ့  ရံဖန်ရံခါ တင်တဲ့ တွစ်တာပိုစ့်တွေမှ တပါး ဘာမှ လက်တွေ့ မလုပ်ခဲ့ပါ။ 

ကိုဗစ်ကာကွယ်ဆေးလည်း မကူ၊ နယ်စပ်ဖြတ်ကျော် ကိုဗစ်ဆေး တောင်းဆိုတုန်းကလည်း ဆေးတလုံးတောင် မပေးခဲ့သလို နိုင်ငံအများစုက နယ်စပ်မှာ ရောက်လာတဲ့ အာဏာသိမ်း ဆန့်ကျင်လှုပ်ရှားသူတွေအတွက် safe house (လုံခြုံသည့်နေရာများ) မလုပ်ပေးခဲ့ပါ။ 

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူဖို့  တောင်းဆိုနေတာကိုလည်း  လျစ်လျူရှုလာသည်မှာ လပေါင်းများစွာ ကြာနေပြီ ဖြစ်ပါတယ်။ 

အခုအချိန် PDF တွေက လက်နက်ကိုင် တိုက်ပွဲ၀င်လာပြီး သူတို့ရန်သူဟု သတ်မှတ်သူတွေကို ပစ်မှတ်ထားနေသည်ဟု ကောလာဟလများ ထွက်လာချိန်မှ တော်လှန်ရေးအင်အားစုများကို အနုတ်ရှုထောင့်မှ ကြည့်ခြင်း၊ အရပ်သားကာကွယ်ရေးအတွက် သူတို့မှာ တာ၀န်ရှိသကဲ့သို့ အယောင်ပြ ပြောဆိုနေခြင်းတွေဟာ နိုင်ငံတကာရဲ့  နိုင်ငံရေး၊ လူသားချင်းစာနာရေး အရေခြုံမှုမျှသာ ဖြစ်ပါတယ်။ 

မခံမရပ်နိုင်တဲ့ ပြည်သူတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးပုံစံသစ် ပေါ်ပေါက်လာတာ၊ တိုက်ခိုက်ဗုံးခွဲမှုတွေ ဖြစ်လာတာတို့ဟာ  နိုင်ငံတကာအသိုင်းအဝိုင်းရဲ့  နိုင်ငံရေးအရေခြုံမှု၊ လျစ်လျူရှုမှု၊ ပျက်ကွက်မှုများကြောင့်လည်း ဖြစ်ပါတယ်။  မြန်မာပြည်မှာ ဖြစ်ပျက်တဲ့ ဆိုးမွေတွေဟာ နိုင်ငံတကာရဲ့  တာ၀န်မကင်းပေ။

နည်းဗျူဟာ အစုံအညီနဲ့မှ အောင်ပွဲဆီ ရောက်နိုင်မယ် 

မြန်မာပြည်က စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲအကြောင်း ဆွေးနွေးပွဲမှာ မကြာခင်က ပါဝင်ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေ၊ ပြည်သူ့ခုခံမှုတွေ၊ အကြမ်းမဖက်ဆန့်ကျင်မှုတွေ၊ လက်နက်ကိုင် ရုန်းကန်တိုက်ပွဲတွေနဲ့ အဲဒီအပေါ်စစ်တပ်တွေရဲ့ တုံ့ပြန်ပုံအကြောင်း နှိုင်းယှဉ်သုတေသနကို အခြေပြုဆွေးနွေးကြတာပါ။ မှတ်သားတွေးဆသင့်တဲ့ အကြောင်းအရာတွေကို အောက်ပါအတိုင်းချရေးဖြစ်ပါတယ်။ 

၁။ ဒီပွဲမှာ နည်းလမ်းအားလုံးပါရပါမယ်။ အကြမ်းမဖက်ပြည်သူ့ဆန့်ကျင်မှုတွေ၊ လက်နက်မဲ့ သို့သော်အနှောင့်အယှက်ပေးနည်းနာတွေ၊ လက်နက်ကိုင်ဆန့်ကျင်မှုတွေအားလုံးပါရပါမယ်။ နည်းလမ်းတခုတည်းကနေ  အောင်ပွဲဆီရောက်မယ်လို့ မမျှော်လင့်ပါနဲ့။ 

သမိုင်းအတွ့အကြုံ ( အထူးသဖြင့် လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုအတွေ့အကြုံမှာတော့ ရက်စက်တဲ့နေရာမှာ ပြတ်သားတဲ့၊ နိုင်ငံရဲ့ ဓနရင်းမြစ်တွေကို ချုပ်ကိုင်ထားတဲ့၊ ပြည်ပကနေလည်း အကူအညီရနေတဲ့ လက်နက်ကိုင်အာဏာရှင်ကို အကြမ်းမဖက်နည်း တခုတည်းနဲ့ ဖယ်ရှားနိုင်ဖို့ရာ အခွင့်အရေး နည်းပါတယ်။ ထို့အတူပဲ သမိုင်းအတွေ့အကြုံအရလက်နက်ကိုင် တော်လှန်ရေးတခုတည်းဟာ ထိရောက်တဲ့ဗျူဟာ မဟုတ်ပါဘူး။ အာဏာရှင်ဆန့်ကျင်ရေးလက်နက်ကိုင်တော်လှန်ရေးဟာ အောင်မြင်နိုင်ခြေ  ၃၀% ပဲရှိပါတယ်။ 

တခြားနေရာဒေသတွေရဲ့အတွေ့အကြုံအရ နည်းလမ်းစုံ ပေါင်းစပ်ဗျူဟာက အများကြီး ပိုအောင်မြင်နိုင်တာကိုတွေ့ရပါတယ်။ အောင်မြင်နိုင်ခြေ ၆၁% လောက်ရှိပါတယ်။ လက်ရှိမြန်မာပြည်အခြေအနေမှာတော့ လက်နက်ကိုင်တော်လှန်ရေးနည်းတခုတည်းပဲ ကျန်တော့တယ်။ ဒီနည်းနဲ့ပဲ အောင်မြင်မယ်လို့ ကောက်ချက်မချဖို့ လိုပါတယ်။ နည်းလမ်းအသွယ်သွယ်နဲ့ သွားရမယ့် ပွဲဆိုတာကို သိဖို့လိုပါတယ်။ နည်းလမ်းတခုတည်းနဲ့ အောင်မြင်မှုအကြီးကြီးရဖို့မမျှော်လင့်ပါနဲ့။ လူအများကြီးပါဝင်နိုင်တဲ့ လူထုလှုပ်ရှားမှု အသွင်အပြင်ကို ထပ်ခါထပ်ခါ အသက်သွင်းနေဖို့လိုပါတယ်။ 

လူတွေလည်း ပင်ပန်းနေကြပြီ၊ ရှိတဲ့အရင်းအမြစ်တွေလည်း သုံးလိုက်ကြပြီ၊ အန္တရာယ်လည်းများလှတာကြောင့် လူထုအများကြီး ပါဝင်အောင်လုပ်ဖို့ အလွန်ခက်ခဲနေပြီဆိုတာကိုသိပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံးကပြည်သူတွေဟာ အခုအထိ နေ့တိုင်းလုပ်နေကြပါတယ်။ သေးငယ်ပေမဲ့ ရဲရင့်လှတဲ့ ပြည်သူဆန့်ကျင်မှု လုပ်ရပ်တွေဟာ လူထုပါဝင်လှုပ်ရှားမှု အသွင်သဏ္ဍာန်ရှိပါတယ်။ လက်နက်ကိုင်ဆန့်ကျင်မှု တခုတည်းကိုသာ အားကိုးပြီး အဲဒီလူထုပါဝင်ဆန့်ကျင်မှုလုပ်ငန်းတွေကို အားလျော့အောင် မလုပ်သင့်ပါဘူး။ 

၂။ အောင်မြင်တဲ့ ပေါင်းစပ်ဗျူဟာ ( လက်နက်ကိုင်၊ အကြမ်းမဖက်၊ အနှောင့် အယှက်၊ အကြမ်းနည်း သို့သော်လက်နက်မပါ နည်းအားလုံး) ဆိုတာကလည်း ဗျူဟာမြောက်ခေါင်းဆောင်မှုရှိမှ ဖြစ်နိုင်ပါတယ်။ အောင်မြင်ဖို့ဆိုရင်တော့ ဗျူဟာလိုသလို ခေါင်းဆောင်မှုလည်းလိုပါတယ်။ အရင်အတွေ့အကြုံဆိုးတွေကြောင့် ခေါင်းဆောင်မှုကိုလန့်တာ၊ မသေချာတာ မဖြစ်သင့်ပါဘူး။ 

၃။လူတိုင်းကမုန်းတီးပြီး စစ်တပ်ဟာ ခိုင်မာနေသေးပုံပေါ်ရင်တောင်မှ မအလနဲ့ အာဏာရှင် လူတစ်စုကို စစ်သား/ အရာရှိတွေနဲ့ ခြားနားသီးခြားဖြစ်အောင် လုပ်တဲ့အလုပ်တွေကို မရပ်သင့်ပါဘူး။ ကျုပ်တို့ရဲ့ အမုန်းတွေကို မအလနဲ့ သူ့လူတစုဆီကို ဦးတည်ရပါမယ်။ သူတို့ဟာ ဒီပြဿနာတွေအားလုံးရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ တခြားတဘက်မှာတော့ စစ်သားတွေ အရာရှိတွေ ကိုယ့်ဘက်ပါလာအောင် ဆက်ဆွဲဆောင်နေသင့်ပါတယ်။ ကတိကဝတ်နဲ့ အပေးအယူလုပ်ဖို့   မတွန့်ဆုတ်ပါနဲ့။ တပ်ကနေ ဘက်ပြောင်းလာအောင် ဦးတည်လုပ်တဲ့ ဆက်သွယ် ပြန်ကြားချိတ်ဆက်မှုတွေလုပ်သင့်ပါတယ်။ ဘက်ပြောင်းလာတာဟာ အောင်မြင်မှုအတွက် အရေးကြီးတဲ့ ဗျူဟာပါ။ 

၄။ နိုင်ငံတကာအနေအထားတွေ အရေးကြီးပါတယ်။ သို့သော်သူတိုက ဒုတိယတန်းမှာပဲရှိတာပါ။ လက်ရှိတော်လှန်ရေးကို ဆုံးဖြတ်ပေးမှာက စစ်တပ်နဲ့ လူထုတော်လှန်ရေးရဲ့ အင်အားချိန်ခွင်လျာဟာ လူထုတော်လှန်ရေးဘက် အလေးသာလာသလားဆိုတဲ့ အပေါ်မှာမူတည်ပါတယ်။ ပြည်တွင်းအာဏာဟန်ချက်အပြောင်းအလဲ အပေါ်မှာ နိုင်ငံတကာက လိုက်ပါလာလေ့ရှိပါတယ်။ 

၅။ အာဏာသိမ်းပွဲလွန် မြန်မာပြည်မှာ ပြည်တွင်းသယံဇာတတွေကို ပြည်သူ့အကျိုးအတွက် ဘယ်လိုသုံးမလဲဆိုတာကို အခုကတည်းက တွေးဆလုပ်ကိုင်သင့်ကြပါပြီ။ တိုင်းပြည်သယံဇာတတွေကို လက်တဆုတ်စာ စစ်ဗိုလ်တွေနဲ့ သူတို့မိသားစုတွေ အလွဲသုံး ကြွယ်ဝကြတာမျိုး ထပ်မဖြစ်စေရဘူးဆိုတဲ့ရိုရှင်းတဲ့ ရှေ့သို့မျှော်ရည် သတင်းစကားပေးရပါမယ်။ အကြမ်းဖက်ဒဏ်ခံရသူတွေ၊ အသက်ပေးသွားသူတွေရဲ့မိသားစုတွေ၊ ရဲရင့်တဲ့ PDF တွေ EAO မြေပိုင်အောင်၊ လုပ်ငန်းသေးတွေစနိုင်အောင်၊ စစ်သားတွေ ဘက်ပြောင်းလာအောင်၊ ကျောင်းသားတွေ ပညာရေးဆက်နိုင်အောင်၊ နိမ့်ကျသူအစုအဖွဲ့တွေရဲ့ ဖွံ့ဖြိုးရေးဖြစ်နိုင်အောင်၊ ဆယ်စုနှစ်များစွာ စစ်ဒဏ်ခံလူမျိုးစုဒေသတွေဖွံ့ဖြိုးနိုင်အောင်တွေအတွက် ဒီသယံဇာတတွေကို သုံးမယ်ဆိုတဲ့ အစီအစဉ်၊ ရိုးရှင်းတဲ့သတင်းနဲ့ အလုပ်တွေ စကြရပါမယ်။

အီဂေါဗလာဇီဗစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024