Home
မြန်မာသတင်း
ကလေး PDF ဆေးတပ်ဖွဲ့ဝင်အမျိုးသမီး ၉ ဦး မော်လိုက် ကလေးအကျဉ်းထောင်ရောက်နေ
DVB
·
December 1, 2021

ဖမ်းဆီးခံထားရတဲ့ ကလေး PDF ဆေးတပ်ဖွဲ့ဝင်အမျိုးသမီးငယ်  ၉ ယောက်ကို မော်လိုက် ကလေးအကျဉ်းထောင်သို့ စစ်ကောင်စီက ပို့ဆောင်ထားပြီး မိသားစုတွေနဲ့ ထောင်ဝင်စာတွေ့ခွင့်မရသေးဘူးလို့ ကလေး PDF တာဝန်ရှိသူက ပြောပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ကလေး PDF တပ်ရင်း ၃ လက်အောက်ခံ၊ တပ်ခွဲစခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ဆေးတပ်ဖွဲ့ဝင်အမျိုးသမီးငယ် ၁၀ ယောက်နဲ့ တပ်သား ၂ ယောက်တို့ကို ဖမ်းဆီးခဲ့တာပါ။

ဒီအထဲက ဆေးတပ်ဖွဲ့ဝင်အမျိုးသမီးငယ် တယောက်နဲ့  တပ်သား ၂ ယောက်တို့ကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့ပြီး ကျန်တဲ့အမျိုးသမီး ၉ ယောက်ကိုတော့ ဖမ်းဆီးသွားခဲ့ကာ  နိုဝင်ဘာလကုန်ပိုင်းမှာ စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်ကျေးရွာအနီးရှိ ကလေးအကျဉ်းထောင်ကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

ဆေးတပ်ဖွဲ့ဝင်အမျိုးသမီး ၉ယောက်ထဲက ၆ ယောက်ကို နိုဝင်ဘာ ၂၄ ရက်နေ့က ကလေးအ ကျဉ်းထောင်ကို စတင်ပို့ဆောင်ခဲ့တာဖြစ်ပြီး ကျန် ၃ ယောက်ကိုတော့ ကလေးမြို့မရဲစခန်းမှာ ၂ ရက်ကြာစစ်ဆေးပြီးမှ  ကလေးအကျဉ်းထောင်ကိုပို့တာလို့သိရပါတယ်။ 

ကလေး PDF တာဝန်ရှိသူတစ်ဦး "အဖမ်းဆီးခံထားရတဲ့ ဆေးတပ်သားအမျိုးသမီးတပ်ဖွဲ့ဝင် ၉ ယောက်စလုံး လက်ရှိအချိန်မှာ မော်လိုက်ကလေးအကျဉ်းထောင်မှာရှိနေတယ်လို့သိရပါတယ်။ မိသားစုဝင်တွေ အနေနဲ့ပစ္စည်းသွားပို့လို့တော့ရတယ်။ လူချင်းထောင်ဝင်စာတွေ့ခွင့်တော့ မရသေးဘူးလို့သိရပါတယ်။"လို့ ပြောပါတယ်။

စစ်ကောင်စီဟာ နိုဝင်ဘာလကုန်ပိုင်းမှာ ကလေးမြို့နယ်တောင်ပိုင်းကို အင်အား ၇၀ စီပါဝင်တဲ့ စစ်ကြောင်းလေးခုနဲ့ ဆက်တိုက်ထိုးစစ်ဆင်ခဲ့ပါတယ်။ ကလေးမြို့နယ်တောင်ပိုင်း၊ မြစ်သာမြစ် အရှေ့ဘက်ကမ်းက ကျေးရွာတွေမှာ မီးရှို့အကြမ်းဖက်တာတွေဆက်တိုက်ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၃၀ရက်နေ့က မီးရှို့အကြမ်းဖက်မှုကြောင့် လယ်ခြားကျေးရွာက နေအိမ် ၇ လုံးမီးလောင်ပျက်စီးခဲ့ပါတယ်။

ဒေသခံပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး သတင်းအချက်အလက်အတိအကျကို မကြာခင်အချိန်မှာ ထုတ်ပြန်မယ်လို့ ကလေး PDF တာဝန်ရှိသူကပြောပါတယ်။ 

“ကလေးမြို့နယ်တောင်ပိုင်း၊ မြစ်သာမြစ်အရှေ့ဘက်ကမ်းကကျေးရွာတွေ လယ်ခြားတရွာတည်း တင်မဟုတ်ပါဘူး။ အရင်ရက်တွေက တခြားရွာတွေလည်းမီးရှို့ခံရပါတယ်။ နောက်နာရီဝက်တစ်နာရီ အတွင်းမှာအသေးစိတ်အချက်အလက်တွေ သတင်းထုတ်ပြန်ပါမယ်။ ဖုန်းလိုင်းတွေကတော့ တစ်နေကုန်အပိတ်ခံထားရပါတယ်။"

ကလေးမြို့နယ်အတွင်းက ဘယ်နေရာမှာမဆို တိုက်ပွဲတွေအချိန်မရွေးဖြစ်နိုင်တဲ့အတွက် ပြည်သူတွေဟာ ဘေးလွတ်မယ့်နေရာရှောင်ရှားနေထိုင်ကြဖို့ ကလေး PDF က မေတ္တာရပ်ခံစာထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့သွားလာလှုပ်ရှားမှုတွေကိုလည်း အခွင့်အရေးရရင် ကလေး PDF ဆီကို သတင်းအချက်အလက်ပို့ပေးဖို့ မေတ္တာရပ်ခံစာမှာ ထည့်သွင်းတိုက်တွန်းထားပါတယ်။ စစ်ကောင်စီက စစ်ကိုင်းတိုင်းမှာ အင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တောက်ထားပြီး သတင်းအချက်အလက်တွေ အမှောင်ချဖို့လည်း ကြိုးစားနေပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024