ကိုဗစ်-၁၉ ရောဂါ ကူးစက်နှုန်း များနေတာကြောင့် ကျောင်းတွေပိတ်ထားခဲ့တဲ့ မြို့နယ်တွေထဲက ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲက ၁၅ မြို့နယ်မှာ ဒီဇင်ဘာ ၁ ရက် ဒီကနေ့ အခြေခံပညာ စာသင်ကျောင်းတွေ ပြန်ဖွင့်လိုက်ပါတယ်။
ကိုဗစ်ကူးစက်နှုန်းဟာ သတ်မှတ်ရာခိုင်နှုန်းအောက်ကို ရောက်လာတာကြောင့် ပြန်ဖွင့်တာလို့ စစ်ကောင်စီအာဘော် သတင်းစာတွေက ဖော်ပြထားတာပါ။
ရခိုင်ပြည်နယ်က ဂွမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းက ဟိုပုံး၊ ရပ်စောက်၊ ပင်လောင်း၊ လဲချားနဲ့ နမ့်စန်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး၊ နောင်ချို၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မဘိမ်း၊ သိန္နီနဲ့ ကွမ်းလုံမြို့နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းက ကျိုင်းတုံနဲ့ မိုင်းယောင်းမြို့နယ်တို့မှာ အခြေခံပညာကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွေကိုပါ ပြန်ဖွင့်လိုက်တာပါ။
ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရတဲ့ ကျောင်းတွေကို စစ်ကောင်စီအာဏာသိမ်းပြီးမကြာခင် ဇွန်လမှာ ပြန်ဖွင့်ခဲ့ပြီး ကိုဗစ်ကူးစက်တာများလာတာကြောင့် ချက်ချင်းပြန်ပိတ်ခဲ့ရပါတယ်။ အဲဒီနောက်တော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့မှာတော့ တိုင်းနဲ့ပြည်နယ် ၉ ခုက မြို့နယ် ၄၆ မြို့နယ် လွဲပြီး တနိုင်ငံလုံးက ကျောင်းတွေကို ပြန်ဖွင့်ခဲ့တာပါ။
စစ်ကောင်စီဟာ တက္ကသိုလ်၊ ကောလိပ်တွေက သင်တန်းတွေကိုလည်း လာမယ့် ဇန်နဝါရီမှာ ပြန်ဖွင့်ဖို့ စီစဉ်နေပြီး ကျောင်းမတက်ကြဖို့ ကျောင်းသားသမဂ္ဂတွေနဲ့ တော်လှန်ရေးသပိတ် ဆင်နွှဲနေသူတွေက တောင်းဆိုထားပါတယ်။
အခုလို ကျောင်းတွေပြန်ဖွင့်တာဟာလည်း နိုင်ငံရေးအခြေအနေတွေကို ထိန်းချုပ်နိုင်တယ်ဆိုတာ ပြသဖို့နဲ့ ပြည်သူတွေရဲ့ ခုခံစစ်ကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် လူသားဒိုင်းဖန်တီးတာလို့လည်း ဝေဖန်နေကြပါတယ်။