လတော်အကြာ ပိတ်ထားတဲ့ မွန်ပြည်နယ်အတွင်းက မြို့ဝင်ကြေးဂိတ်တွေကို စစ်ကောင်စီက ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်ပြီး စတင်ကောက်ခံလာတယ်လို့ မြို့ခံတွေက ဒီဗွီဘီကို ပြောပါတယ်။
မြို့ဝင်ကြေးဂိတ်တွေကို စစ်ကောင်စီက ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ ဇွန်လမှာ ပိတ်သိမ်းထားခဲ့တာ ဖြစ်ပြီး၊ ၆ လအကြာမှာ ပြန်လည် ကောက်ခံလာတာ ဖြစ်ပါတယ်။
မြို့ဝင်ကြေးအခွန်ဟာ ကားတွေကို အဓိက ကောက်ခံနေတာ ဖြစ်ပြီး အဲဒီကနေ တစ်နှစ်ဝင်ငွေ ကျပ်သိန်းပေါင်း ၂၀၀၀၀ နီးပါးအထိ ရရှိနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီက မြို့ဝင်ကြေးဂိတ် ပြန်လည် ဖွင့်လှစ်လာတာဟာ ဘတ်ဂျက်ရရှိမှု နည်းပါးနေတဲ့အတွက်ကြောင့် အခွန်ငွေ လိုအပ်ချက်ကို ဖြည့်တင်းဖို့ ကြိုးပမ်းတာ ဖြစ်နိုင်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မွန်ပြည်နယ်အတွင်းမှာတော့ မြို့ဝင်ကြေးအခွန်ကောက်ခံရေး ဂိတ်ပေါင်း ၁၄ ခု ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
အဲဒီမြို့ဝင်ကြေးဂိတ်တွေကို NLD အစိုးရလက်ထက် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလတုန်းက ခရီးသွားပြည်သူတွေ လမ်းခရီးကြန့်ကြာတာနဲ့ အဆင်မပြေမှု ကြုံတွေ့နေရတဲ့အတွက်ကြောင့် မွန်ပြည်နယ် လွှတ်တော်မှာ ဖျက်သိမ်းဖို့ အဆိုတင်သွင်းခဲ့တာ ဖြစ်ပြီး၊ မဲခွဲဆုံးဖြတ်ရာမှာတော့ အရေးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။