အာဏာရှင်ရဲ့ဆိုးယုတ်မှု ကျွန်မတို့မျိုးဆက်မှာ နောက်ဆုံးဖြစ်ပါစေ

ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေ ရွာထဲဝင်လာတော့ ရွာခံတွေက သပြေပန်းနဲ့ လက်ကမ်းကြိုကြတယ်။

အောင်ပွဲနဲ့အတူ ပြန်လာကြတာမို့ ပြန်လာသူရော ဆီးကြိုနေသူတွေပါ အားလုံးဟာအပြုံးကိုယ်စီနဲ့ပါ။ ရွာထဲတန်းစီဝင် လာတဲ့ PDF တွေထဲမှာ အမျိုးသမီးစစ်သည်တွေလည်း ပါရဲ့။

သူတို့ထဲမှာမှ ပါဝါမျက်မှန် နီညိုရောင်ကိုင်းလေးတပ်ထားတဲ့ အမျိုးသမီးငယ်တစ်ဦးဟာ လူအုပ်ထဲ ထင်းနေအောင် ပေါ်လွင်နေတယ်။

သူ့လက်ထဲမှာ သပြေပန်းတွေ တပွေ့တပိုက်နဲ့။ လည်တိုင်ကျော့မှာတော့ ပန်းကုံးတစ်ကုံးက နေရာယူထားတယ်။ ဆံကေ သာထက်မှာလည်း ရဲရဲနီနေတဲ့ နှင်းဆီပွင့်ကြီးတစ်ပွင့်ဟာ ငွါးငွါးစွင့်စွင့်။

သူဟာလက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး)တပ်ရင်း(၇)ရဲ့ အမျိုးသမီးစစ်သည်တစ်ဦးဖြစ်သော်လည်း တစ်ချိန် ကတော့ မြေဖြူကိုင်ခဲ့တဲ့ ကျောင်းဆရာမတစ်ဦးပါ။

မြေဖြူကိုင်ခဲ့ချိန်က

ဆရာမလေးရဲ့အမည်က မသန္တာလင်း ဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့်တော့ လာမယ့်ဒီဇင်ဘာလထဲ ၂၅ နှစ်တင်းတင်း ပြည့်ပါမယ်။

သူဟာ စစ်ကိုင်းတိုင်းကလေးမြို့ဇာတိဖြစ်ပေမယ့် ကျောင်းဆရာမအဖြစ်တာဝန်ကျတာက မကွေးတိုင်းရဲ့အစွန် မြိုင်မြို့ နယ်ထဲက ကျေးရွာလေးတစ်ရွာမှာပါ။

အဲသည်ရွာလေးက သူ့မိခင်ရဲ့ဇာတိဖြစ်မြေလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း မိခင်ကိုအစွဲပြုပြီး သည်ရွာလေးအပေါ် မသန္တာ သံယောဇဉ်ဖြစ်မိတယ်။

ရွာကျောင်းမှာ ဆရာ ဆရာမလိုအပ်ချက်ရှိတယ်လို့ သိရချိန် အဲသည်သံယောဇဉ်နဲ့ပဲ တုံ့ဆိုင်းမနေတော့ဘူး။ ချက်ချင်း သွားပြီး တာဝန်ထမ်းဆောင်ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် သူက ပညာရေးဝန်ကြီးဌာနရဲ့ တရားဝင်ဝန်ထမ်းအနေနဲ့ တာဝန်ထမ်းဆောင်ရတာမျိုးတော့ မဟုတ်ပါဘူး။ အဲသည်အချိန်က အရပ်ခေါ် ဆွဲခန့်ဆရာမဖြစ်ပြီး ယခုအခေါ် နေ့စားလပေးဝန်ထမ်းအနေနဲ့ ဖြစ်ပါတယ်။

သူတာဝန်ကျတဲ့ရွာကျောင်းက တွဲဖက်အထက်တန်းကျောင်းတစ်ကျောင်းဖြစ်ပြီး သူကတော့ ကိုးတန်း ၁၀ တန်းတွေကို ဓာတုဗေဒနဲ့ မြန်မာစာ သင်ကြားပေးပါတယ်။

သူ့အနေနဲ့ သင်ကြားရေးပိုင်းဆိုင်ရာတွေကို ခုမှအစိမ်း သက်သက်ကြီး ဝင်လုပ်ဖြစ်တာတော့ မဟုတ်ပါဘူး။ ကလေး တက္ကသိုလ်မှာ ဘွဲ့ယူနေစဉ်ကတည်းက မြို့ပေါ်က ကိုယ်ပိုင်ကျောင်းတချို့နဲ့ စာကျက်ဝိုင်းတွေမှာ စာသင်စာပြလုပ်ခဲ့ဖူး ပါတယ်။

ဘွဲ့ရကျောင်းပြီးတဲ့အခါ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း မြိုင်မြို့နယ်အစွန်ကကျေးရွာလေးမှာ အထက်တန်းပြဆရာမတာဝန် စတင်ထမ်းဆောင်ဖြစ်ခဲ့တာဖြစ်ပါ တယ်။

အလှည့်အပြောင်း

သည်လိုနဲ့ အထက်တန်းပြဆရာမဘဝမှာ ငါးနှစ်နီးပါး ကျင်လည်ပြီးချိန်မှာတော့ ဘဝရဲ့အလှည့်အပြောင်းတစ်ခုကို တစ်နိုင်ငံလုံးက ပြည်သူတွေနဲ့အတူ ကြုံလာရပါတော့တယ်။

အဲဒီအလှည့်အပြောင်းကတော့ ပြည်သူအများစိတ်နှလုံးကြေကွဲရတဲ့ အကြမ်းဖက်အာဏာသိမ်းမှုကြီးပါပဲ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာစခဲ့တဲ့ အဲသည်ကြမ္မာဆိုးဟာ ကျောင်းဆရာမလေး မသန္တာရဲ့ဘဝရပ်တည်ချက်အပေါ် အကြီး အကျယ် ရိုက်ခတ်လာခဲ့ပါတယ်။

ဒါကတခြားတော့ မဟုတ်ပါဘူး။ ပညာရေးဌာနက စီနီယာ ဂျူနီယာ ဆရာဆရာမများနည်းတူ အကြမ်းမဖက် အာဏာ ဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်ဖြစ်လာတာပါပဲ။

ဒီလှုပ်ရှားမှုတွေကိုတော့ တာဝန်ကျရာ မြိုင်မြို့နယ် ကနေမပါဝင်ဖြစ်ဘဲ ဇာတိမြေ ကလေးမြို့ကိုပြန်ပြီးမှ ပါဝင်ဖြစ်ခဲ့ပါတယ်။ ပြောမယ်ဆိုရင် စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ အရှိန်မြင့်လာတာနဲ့အမျှ ဆရာမလေး သန္တာ လင်းဟာလည်း တော်လှန်ရေးထဲမှာ ဘဝကို တစတစ နှစ်မြှပ်မိလျက်သားဖြစ်လာပါတော့တယ်။

ယုံကြည်ရာလမ်း

ဆိုခဲ့သလို ကလေးဒေသသာမက တစ်နိုင်ငံလုံးနီးပါး တော်လှန်ရေးဒီလှိုင်းတွေဟာ တရိပ်ရိပ် မြင့်တက်လာနေပါတယ်။ အဲဒီအခါ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်အာဏာရှင်တွေဟာ တော်လှန်ရေးမှာပါဝင်နေတဲ့ ခေတ်ပညာတတ် လူငယ်လူ ရွယ်တွေ အလွှာအသီးသီးက လူထုလူတန်းစားအားလုံးကို အကြမ်းဖက်နှိပ်ကွပ်လာတယ်။

အဲဒီလိုအကြမ်းဖက်မှုဖြစ်စဉ်တွေထဲမှာ ရိုက်နှက်ဖမ်းဆီးတာ နိုင်ငံရေးပုဒ်မတွေအမျိုးမျိုးတပ်ပြီး အမှုဆင်ဖမ်းဆီးတာတွေ အပြင် လက်ဖြောင့်တပ်သားတွေသုံးပြီး ပစ်ခတ်သတ်ဖြတ်တာတွေအထိ မသန္တာလင်းတို့တတွေ ရင်ဆိုင်လာရတယ်။

ဆရာမလေးမသန္တာလင်းကိုယ်တိုင်လည်း ဒလန်ရဲ့သတင်းပို့တိုင်ကြားမှုကြောင့် အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးမယ့်သူစာရင်းမှာ ပါဝင်လာပါတော့တယ်။

အဲသည်အချိန်ကစပြီး မိဘရပ်ထံ မပြန်နိုင်တော့ လုံခြုံမယ့်နေရာတစ်ခုခုမှာ ရွှေ့ပြောင်းနေထိုင်ရာတာတွေ ရှိလာတယ်။ သည်ထက်ပိုပြီး ဆိုးလာတာက စစ်ကောင်စီတပ်တွေဟာ ကလေးမြို့ပေါ်မှာခြေကုပ်ယူနိုင်ဖို့ စိုင်းပြင်လာတာပါပဲ။

ဒါကို သတင်းကြိုရထားတဲ့ ဒေသခံတိုင်းရင်းသားတွေက လုံးဝခြေကုပ်ယူခွင့်မပေးဘဲ ရရာလက်နက်စွဲကိုင်ပြီး ခုခံတွန်းလှန် ကြဖို့ ကျယ်ကျယ်တမျိုး တီးတိုးတဖုံ စည်းရုံးလာကြပါတယ်။

ဒီမှာတင်ပဲ ‘မပြုခင်က နုချင်’ဆိုတာလို တော်လှန်ရေးထဲ နစ်မြုပ်စပြုနေတဲ့ ဆရာမလေးသန္တာလင်းဟာလည်း အထူး အထွေစည်းရုံးသိမ်းသွင်းစရာမလိုဘဲ ခုခံစစ်နဲ့ စီးမြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ထိုသို့ဆုံးဖြတ်တဲ့တိုင် သူ့လက်ထဲ တုတ်တို တစ်ချောင်းတောင် ရှိမနေခဲ့ပါဘူး။

” ကိုယ့်မှာတော့ လက်နက်မရှိဘူးပေါ့နော်။ သို့ပေမဲ့ တူးမီးရှိတဲ့ တိုင်းရင်းသားတွေရော တခြားရဲဘော်တွေရောရှိတော့ ကိုယ်ဘယ်နေရာက ကူညီပေးနိုင်မလဲဆိုတဲ့အတွေးနဲ့ပဲ စပြီးပါဝင်ဖြစ်တာ”လို့ ခုခံစစ်မှာ ပါဝင်ဖြစ်လာပုံကို သူက ပြန်ပြော ပြတယ်။

တကယ်တမ်းဆိုရင် “အဲဒီအချိန်ကတည်းက ကိုယ်တိုင်လက်နက်ကိုင်ပြီး တိုက်လိုက်ချင်တာ။ စစ်ခွေးတစ်ကောင်လောက် ကိုယ်တိုင်ပစ်သတ်လိုက်ရမှ တာဝန်ကျေမယ်လို့ကို ထင်တာ”လို့လည်း သူက ဆက်ပြောပါသေးတယ်။

ဆရာမလေး လက်နက်ကိုင်ပြီ

ဒီလိုနဲ့ ခုခံစစ်ကိုပထမဆုံးစတင်ခဲ့တဲ့ ကလေးမြို့အဝင်နားမှာ လေးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ နယ်မြေကျွမ်းကျင်ပြီး သား ဒေသခံတွေဟာ လက်နက်အင်အားမမျှပေမယ့် သာလွန်အင်အားနဲ့လာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံစစ်ကောင်း ကောင်း ဆင်နွှဲနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း အဲဒီ လေးရက်ကြာတိုက်ပွဲမှာ ဘာစစ်ပညာမှ သင်ယူတတ်မြောက်ထားခြင်းမရှိသေးတဲ့ ဒေသခံတော်လှန် ရေး ရဲဘော်တွေဟာ အထိအခိုက်အကျအဆုံး အနည်းဆုံးနဲ့ ခုခံနိုင်ခဲ့ပါတယ်။

သို့သော်လည်း စစ်ပွဲအနီးဝန်းကျင်က ကျေးရွာလူထုတွေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးနှိပ်စက်တာ တွေရှိလာတဲ့ အပြင် သည်ထက်ပိုပြီးတောင့်ခံထားနိုင်ဖို့ မသေချာတာကြောင့် ခေါင်းဆောင်တွေက နောက်ဆုတ်ဖို့ဆုံးဖြတ်လိုက်ကြ ပါတယ်။

ဆိုရရင် အဲဒီခုခံစစ်ကနေ သန္ဓိဋ္ဌာန်ခိုင်မာသွားတဲ့ ဆရာမလေးနဲ့ တော်လှန်ရေးရဲဘော်တွေဟာ လက်နက်ကိုင် လမ်းစဉ် ကိုရွေးချယ်လိုက်ကြပါတော့တယ်။

ဒီတော့ ခေါင်းဆောင်တွေရဲ့ချိတ်ဆက်မှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်(ကလေး)ရဲ့ တပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ အခြေခံစစ် ပညာသင်တန်းကို တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတစ်ခုမှာ တက်ရောက်ခွင့် ရလာပါတယ်။

အားလုံးကို ခဝါချထားရ

သူတို့တက်ရောက်ရမယ့် အခြေခံစစ်သင်တန်းဟာ ရက် ၃၀ ကြာမြင့်မှာ ဖြစ်ပါတယ်။ ပြီးတော့ ဆရာမလေးတို့ အပတ် စဉ်မှာ ထူးထူးခြားခြား အမျိုးသမီးစစ်သည် ကိုးဦးပါဝင်နေတာပါပဲ။ ကျန်တဲ့ရဲဘော် ၃၀ နီးပါးကတော့ အမျိုးသားတွေကြီး ဖြစ်ပါတယ်။

စစ်ပညာသင်ယူနေရာတဲ့အချိန်ဟာ ရာသီစက်ဝန်းအားဖြင့် မိုးကာလထဲ ရှိပါသေးတယ်။ ဒါကြောင့် ခြောက်သွေ့ရာသီမှာ ပညာသင်ယူရတာထက် နှစ်ဆနီးပါး ပိုပင်ပန်းခဲ့တယ်လို့ ဆရာမလေးမသန္တာလင်းက ဆိုပါတယ်။

ဒါပေမယ့် ရဲဘော်အားလုံးရဲ့ရင်ထဲမှာ လက်နက်အားကိုးနဲ့ အနိုင်ကျင့်ဗိုလ်ကျနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ယုတ်မာ မှုတွေကို မနှစ်မြို့တာကြောင့် “ဘာပဲဖြစ်ဖြစ် ငါရအောင်သင်မယ်”ဆိုတဲ့စိတ်နဲ့ အားလုံးကိုဖြတ်ကျော်ခဲ့ တယ်လို့ သူက ရှင်းပြပါတယ်။

အခြေခံစစ်ပညာသင်ယူရင်း မောင်းပြန်သေနတ်စကိုင်ခွင့်ရလာတဲ့ ပထမဆုံးလေ့ကျင့်ရေးနေ့ဟာဖြင့် ဆရာမလေးအဖို့ တသက်မေ့နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကဘာလဲဆိုတော့ သေနတ်ထဲကျည်ထည့် မောင်းတင်ပစ်ခတ်ချိန်မှာ သေနတ် ရဲ့ တွန်းကန်အားကြောင့် နောက်ကိုပက်လက်လန် လဲကျသွားခဲ့တဲ့အဖြစ်အပျက်ကြောင့်ပါပဲ။

နာရီဝက်လောက်ကြာတဲ့အထိ နောက်ထပ်တစ်ကြိမ် သေနတ်ပစ်လေ့ကျင့်ဖို့ သူ့အနေနဲ့ အဆင်သင့်မဖြစ်ခဲ့ဘူးလို့ ဆရာမလေးက ရယ်သွမ်းသွေးကာ ပြောလာပါတယ်။

ပြီးတော့ မိုးရွာကြီးထဲ လျှိုမြောင်ချိုင့်ဝှမ်းတွေကြား ပြေးလွှား တက်ဆုတ်လုပ် မြေသားမာမာထက် လက်သီးလက်ဝါးအပ်ပြီး ဒိုက်ထိုးရင်းရလာတဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ သူ့အဖို့ မေ့နိုင်စရာမရှိတော့ပါဘူး။

မှန်တာပြောရရင် မိန်းကလေးတိုင်း အလှအပကြိုက်တတ်တယ်ဆိုပေမယ့် ဆရာမလေးတို့လို တော်လှန်ရေး ရဲဘော်တွေ အဖို့ အလှအပဆိုတာ သူတို့နဲ့ မအပ်စပ်တော့တာလို ခံယူထားကြရပါတယ်။

ယုတ်စွအဆုံး မိန်းကလေးတိုင်းနီးပါး အမြတ်တနိုးထားတတ်ကြတဲ့ ဦးခေါင်းထက်က ဆံကေသာကိုသော်မှ ဆရာမလေးက ဖြတ်ပစ်ခဲ့ပါတယ်။ နဂိုက သူ့ဆံပင်တွေဟာ ခါးအထိရှိခဲ့တာပါ။ ခုတော့ ဆရာမလေးဟာ ဆံပင်အတို ကုပ်ဝဲလေးနဲ့ ဖြစ်နေပါပြီ။

ကျွန်မတို့မျိုးဆက်မှာ နောက်ဆုံးဖြစ်ပါစေ

မိန်းမပျိုတစ်ဦးအနေနဲ့ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့အရတွေကို ခုလိုစွန့်ပယ်ထားရတာဟာ အသက်သွေးချွေး ပေးဆပ်ခဲ့ရ သူတွေနဲ့စာရင် ဘာမှမဟုတ်ဘူးလို့ ခံယူတဲ့အကြောင်း ဆရာမလေးက ပြောလာပါတယ်။

အသက်နဲ့ရင်းပြီး ပေးဆပ်ခဲ့ရသူတွေကို စိတ်မချမ်းမြေ့ဖွယ် ကြားသိ မြင်တွေ့ရတိုင်း “ငါတော့ ဒီထက်ပိုလုပ်ရဦးမယ်”လို့ ကိုယ့်ကိုကိုယ်သတိပေးနေမိတယ်လို့လည်း သူက ပြောပါသေးတယ်။

ပြီးတော့ သူ့အနေနဲ့ ဒီလမ်းကိုရွေးချယ် လျှောက်လှမ်းခဲ့မိတာဟာ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းချက်မှ မပါဘဲ ကိုယ့်ဆန္ဒအလျှောက် လျှောက်ခဲ့တယ်ဖြစ်တဲ့အတွက် အဆုံးထိ ဆက်သွားမယ်လို့ ဆရာမလေးက ဆိုပါတယ်။

ဒီတော်လှန်ရေးကြီးပြီးလို့ မိသားစုထံပြန်ခွင့်ရတဲ့အခါ သပြေပန်းတွေ တဝေဝေနဲ့ ဆီးကြိုခံရမှာလား ဒါမှမဟုတ် လမ်းခုလပ်တင် အသက်နဲ့ခန္ဓာ အိုးစားကွဲပြီး ဝိညာဉ်အဖြစ်နဲ့ ဆက်တော်လှန်နေရမှာလား သူ ဘာမှ တွေဝေမနေဘူး။

ဆရာမလေးသန္တာလင်းရဲ့ တော်လှန်ရေးအတွေးအခေါ်တွေထဲမှာ အကြောင်းအရာတစ်ခုကိုပဲ သံမှိုနှက်သလို စွဲထင်နေ တယ်။

အဲဒါက “ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်တွေရဲ့ ဆိုးယုတ်မှုတွေ ကျွန်မတို့မျိုးဆက်မှာ နောက်ဆုံးဖြစ်ပါစေ”ဆိုတဲ့ ခံယူချက်ပဲဖြစ်တယ်လို့ သူက ရင်ဖွင့်လိုက်ပါတယ်။

နွေဦးမောင်

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up