ထိုင်းနိုင်ငံထဲမှာ ဥပဒေအမျိုးမျိုးချိုးဖောက်လို့ ဖမ်းဆီးခံထားရသူတွေထဲက လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၄၁ ယောက်ကို နိုဝင်ဘာ ၂၈ ရက်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ရနောင်းခရိုင်ကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။
ရနောင်းမြို့ အကောက်ခွန် ဆိပ်ကမ်းကနေ လှေနဲ့ပြန်ပို့လိုက်တာဖြစ်ပြီး တချို့ကတော့ မပြန်ချင်လို့ ဆက်နေချင်ပေမဲ့ အတင်းဆွဲခေါ်တာကြောင့် ပါသွားသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
လတ်တလော ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်မှုတွေခပ်စိပ်စိပ်ရှိနေပြီး နောက်ထပ်လည်း ဝင်လာဦးမယ့်အခြေအနေရှိတာကြောင့် နယ်စပ်တလျှောက် ၊ တောလမ်းတွေမှာ စစ်သည်အင်အားတွေဖြည့်တင်းပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ ထိုင်း တာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် နယ်စပ်ကနေ တရားမဝင် ရော်ဘာ၊ မော်တော်ဆိုင်ကယ်နဲ့ ကားတွေကို အခွန်ရှောင်ပြီး မှောင်ခိုတင်ပို့/တင်သွင်းတာတွေရှိနေတာကြောင့် ရနောင်းခရိုင် ကဘွန်း၊ ကဘေးနဲ့ ဆုခ်ဆမ်ရမ်းမြို့နယ်ဘက်မှာ တင်းကျပ်စစ်ဆေးနေတယ်လို့ ထိုင်းတာဝန်ရှိသူက ပြောပါတယ်။
ကိုးကား - ရနောင်းဒေသတွင်းသတင်း