Home
မြန်မာသတင်း
တောင်တွင်းကြီးမြို့နယ် ကျေးရွာအချို့တွင် စစ်ကောင်စီက တပ်သားသစ်စုဆောင်း
DVB
·
November 29, 2021

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က ကျေးရွာအချို့မှာ စစ်ကောင်စီတပ်က ရွာ ၁ ရွာကို စစ်သားသစ် ၇ ယောက်နှုန်းစုဆောင်းပေးဖို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတယ်လို့ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝန်းဆီက သိရပါတယ်။

တောင်တွင်းကြီးမြို့နယ် ဝါးခြမ်းကာကျေးရွာအုပ်စု၊ စမုံရွာသစ်မှာ စစ်ကောင်စီက ခန့်တဲ့ အုပ်ချုပ်ရေးမှူးဟာ နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ ရွာသားတွေကို ခေါ်ယူပြီး စစ်တပ်ထဲဝင်ဖို့ ၇ ယောက်ကို မဲနှိုက်ကာ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံရွာသားတဦးက ''အုပ်ချုပ်ရေးမှူး ဦးသန်းဇော်က အစည်းအဝေးခေါ်ပြီး စစ်ထဲလိုက်ရမယ့် ၇ ယောက်ကို မဲနှိုက်ခိုင်းတယ်။ မနှိုက်ရင် တရွာလုံးကို စစ်တပ်လက်အပ်မယ်ဆိုပြီး ခြိမ်းခြောက်လို့နှိုက်ခဲ့ရတယ်။ မဲပေါက်တဲ့သူတွေကလည်း စစ်ထဲ လိုက်ဖို့ သဘောမတူဘူး ပြောတော့ စစ်တပ်ကို ခေါ်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်လို့ တရွာလုံး စိတ်သောကရောက်နေကြရတယ်'' လို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ရဲ့ လုပ်ရပ်ကြောင့် တောင်တွင်းကြီးမြို့နယ်အတွင်း တခြား ကျေးရွာတွေက ဒေသခံပြည်သူတွေဟာလည်း စစ်ထဲလိုက်ရမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တောင်တွင်းကြီးမြို့မှာ စစ်မှုထမ်းဟောင်း ၁၀၀ နီးပါးဟာ  အောက်တိုဘာလဆန်းပိုင်းကတည်းက စစ်တပ်ထဲကို ပြန်လည်ဝင်ရောက်ခဲ့ကြရတယ်လို့ မြို့နယ်စစ်မှုထမ်းဟောင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024