Home
မြန်မာသတင်း
ချင်းတွင်းမြစ်ကို ဖြတ်ကူးလာသည့် စစ်ကောင်စီ စက်လှေ ၅ စီး တိုက်ခိုက်ခံရ
DVB
·
November 27, 2021

မကွေးတိုင်း၊ ရေစကြိုမြို့၊ မအူကျေးရွာကို စက်လှေ ၅ စီးနဲ့  ကူးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့်  ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ PDFတပ်ဖွဲ့တွေထံက သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ကျော်ဟာ စက်လှေ ၅ စီးနဲ့ ချင်းတွင်းမြစ်ကို ဖြတ်ကူးလာချိန် မြောင်၊ မြင်းခြံ ၊ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့သိရပါတယ်။ 

“ပေါက်တောကြီးဆိပ်မှာ စစ်သား ၄၀လောက် အင်အားနဲ့အရှေ့ဘက်အကူးမှာ PDF အဖွဲ့ဝင်တွေက တိုက်ခိုက်ကြတယ်။ ၄ ဦးသေတယ်။ PDFတွေဘက်က အထိအခိုက်မရှိဘူးဆိုတာနဲ့တင်  ဝမ်းသာပါပြီ။ ရွာဘက်ကို နေ့တိုင်း လာပြီးကင်းလှည့်တယ် ရွာထဲ ပတ် လက်နက်ကြီးငယ်တွေနဲ့ ပစ်နေတာ ရွာမှာ လူစိမ်း ဘယ်အချိန်ဝင်မလဲလို့လန့်နေရတာပေါ့” လို့ ကျေးရွာဒေသခံ တစ်ဦးက ပြောပါတယ်။ 

ဒီတိုက်ပွဲကို  မြင်းခြံ အင်အားစု တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ နှလုံးလှလူမိုင်ကြီးများအဖွဲ့၊ MGN Ranger ၊ Burmese Guerrilla Force-BGF ၊ PDF Taloke  MGN Tiger တို့နဲ့ အတူ မြောင်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့  ( CDSOM)  မြင်းမူလျှက်စီးပြောက်ကျားအဖွဲ့ (မြင်းမူ) မဟာညီနောင်မဟာမိတ်တွေ ပူးပေါင်း ပြီးကြားဖြတ်တိုက်ခိုက်ခဲ့ကြတာလို့  သိရပါတယ်။

မအူရဲစခန်းကို နိုဝင်ဘာ ၁၈ ရက်က ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စခန်းသိမ်း တိုက်ခိုက်ခဲ့ပြီး  မအူရဲစခန်းမှာ အင်အား ၁၀၀ ဝန်းကျင်လောက် ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားတွေက  ကျေးရွာအတွင်း ပစ်ခတ်ခဲ့တာကြောင့်  ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရပြီး  နိုဝင်ဘာ ၂၆ ၊ ၂၇ ရက်နေ့တွေမှာ ရွာသားတွေအိမ် ပြန်လာတဲ့အချိန် အိမ်တွင်းပစ္စည်းတွေ ပျောက်ဆုံး ပျက်စီးနေတာကို သိရှိခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024