Home
သတင်းဓာတ်ပုံ
ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)သင်တန်းဆင်း (ဓာတ်ပုံ)
DVB
·
November 27, 2021

စစ်အာဏာရှင်ကို တွန်းလှန်တိုက်ထုတ်နေတဲ့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)ရဲ့ အခြေခံစစ်ပညာသင်တန်း သင်တန်းအပတ်စဉ် (၃) သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂၅  ရက်နေ့က ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ တပ်စခန်းတွင်းမှာ စစ်ရေးပြအခမ်းအနားနဲ့ ကျင်းပခဲ့ပါတယ်။ 

YPDFရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်ယောလေးက  "မိမိတို့ တပ်ဖွဲ့က အခုမှလသားအရွယ်လေးပဲရှိသေးတယ်။ လိုအပ်ချက်တွေ အများကြီးရှိတယ်။ ဆိုတော့ ကိုယ့်ထက် အင်အားကြီးတဲ့ ရန်သူကို မပြည့်မစုံနဲ့ ရင်ဆိုင်ရတာဖြစ်လို့ တော်လှန်ရေးကို သိုသိုသိပ်သိပ်ပဲ လုပ်ပါတယ်။ တယောက်ချင်းစီရဲ့ စုပေါင်းအားနဲ့ မိမိတို့ရည်မှန်းချက်ကို အကောင်အထည်ဖော်သွားပါမယ်လို့"လို့ ပြောပါတယ်။

သင်တန်းက တလကျော် ကြာမြင့်ခဲ့ပြီး ဒေသခံလူငယ်တွေ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းပွဲကို YPDFရဲ့ ဗဟိုဦးဆောင်ကော်မတီဝင်တွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

YPDF ကို စစ်အာဏာရှင်အမြစ်ဖြတ် တိုက်ထုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း အုပ်ချုပ်ခွင့် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဇွန်လဆန်းပိုင်းကတည်းက စတင်ကာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

YPDFကို ဒေသခံ ယောလူမျိုးတွေတင်မက ချင်း၊ ဗမာစတဲ့ တိုင်းရင်းသားတွေလည်း ပူးပေါင်းပါဝင်ကာ စစ်အာဏာရှင်ကို ရရာနည်းလမ်းတွေနဲ့ တွန်းလှန်တိုက်ထုတ်နေကြတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ယောဒေသအတွင်း  စစ်တပ်ကလေကြောင်းပစ်ကူအားယူပြီး ထိုးစစ်ဆင်တာတွေ၊ ဖမ်းဆီးတာတွေ၊ နေအိမ်မီးရှို့တာတွေ၊ ဒေသခံတွေရဲ့ ပစ္စည်းတွေ လုယက်ယူငင်တာ၊ အိမ်မွေးတိရစ္ဆာန်တွေ ဖမ်းယူစားသောက်တာတွေ ပြုလုပ်နေပါတယ်။ 

လတ်တလောမှာတော့ ဒေသတွင်းမှာ အင်တာနက်၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့အတွက် ဆက်သွယ်ရေးအခက်အခဲတွေလည်း ကြုံတွေ့နေရကာ ပြည်တွင်း ပြည်ပ အလှုရှင်တွေနဲ့လည်း အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024