မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ၆၃ လမ်းနဲ့ ၁၃၀ လမ်းအနီးရှိ လောင်းကစားလုပ်တဲ့ ခြံဝင်းကို နိုဝင်ဘာ ၂၇ ရက် မနက် ၉ နာရီကျော်လောက်က လက်လုပ်ဗုံး ပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လက်လုပ်ဗုံးနဲ့ ပစ်ခံရတဲ့ ခြံဝင်းအတွင်းမှာ ဘောလုံး လောင်းကစား၊ နှစ်လုံး သုံးလုံးလောင်းကစား အပြင် လောင်းကစားပေါင်းစုံ လုပ်လို့ ရတဲ့နေရာဖြစ်ပြီး စစ်အာဏာသိမ်းထားတဲ့ အခုလို အချိန်မှာ ပေါ်ပေါ်ထင်ထင် လုပ်နေ ကြတယ်လို့ ဆိုပါတယ်။
“ဗုံးနဲ့ လှန့်ပစ်တဲ့ ပုံစံပဲ။ အထိအခိုက်တော့ မကြားမိဘူး။ အဲဒီဝင်းထဲက တစ်လုံး၊ နှစ်လုံး၊ သုံးလုံး အကုန်ရတယ်။ နောက်ပြီး ဂျင်ဝိုင်းတွေ ဖဲဝိုင်းတွေလည်း လုပ်ကြတယ်” လို့ ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
အဲဒီနေရာဟာ စစ်ကောင်စီနောက်လိုက်တွေအတွက် ထောက်ပံ့နေတဲ့နေရာ ဖြစ်တာကြောင့် စစ်ကောင်စီတပ်သားတချို့ ရောက်ရှိနေတဲ့အချိန်မှာ MDY-PDF နှင့် Izone Defender Mandalay ပူးပေါင်းအဖွဲ့ က ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေက ဆက်ကြေးယူပြီး လောင်းကစားဝိုင်းတွေကို ဖွင့်လှစ်ခွင့်ပေးထားတဲ့အတွက် မြန်မာနိုင်ငံတဝန်းမှာ လောင်းကစားဝိုင်းတွေ တွင်တွင်ကျယ်ကျယ် ဖွင့်လှစ် လုပ်ကိုင်လာနေကြတာ ဖြစ်ပါတယ်။