မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံ၊ တာခ်ရိုင်၊ ဖုတ်ဖရမြို့နယ်စပ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၈၄ ယောက်ကို နိုဝင်ဘာလ ၂၄ ရက် ည ၁၁ နာရီခွဲမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ မြဝတီမြို့တောင်ဘက် ကျောက်ခက်ရွာအနီးကနေ ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်သွားပြီး နယ်စပ်နဲ့ ၂ ကီလိုအကွာဝေးလောက်မှာ ထိုင်း စစ်တပ်၊ နယ်မြေလုံခြုံရေးတပ်တွေနဲ့ ဌာနဆိုင်ရာအဖွဲ့စုံ ပူးပေါင်းဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးရမိတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား အမျိုးသား ၁၁၁ ယောက်နဲ့ အမျိုးသမီး ၇၃ ယောက် စုစုပေါင်း ၁၈၄ ယောက်ကို ထိုင်းကျန်းမာရေးဌာနက ကိုဗစ်-၁၉ ရောဂါ ရှိမရှိ စစ်ဆေးပေးထားပါတယ်။
ဒီနောက် ထိုင်းနိုင်ငံကို တရားဝင် အထောက်အထား စာရွက်စာတန်းမပါရှိဘဲ ဝင်ရောက်လာတဲ့အတွက် ထိုင်းနိုင်ငံရဲ့ ဥပဒေအတိုင်းအရေးယူနိုင်နိုင်ဖို့ ဖုတ်ဖရမြို့မရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပါတယ်။
မြန်မာပြည်တွင်းမှာ စစ်အာဏာသိမ်းမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စီးပွားရေးကျဆင်း အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြန်မာရွေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံထဲမှာ အလုပ်သွားလုပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ နယ်စပ်ဖြတ်ကျော်ဖို့ဝင်ရောက်နေကြတာမှာ နေ့စဉ်ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။