အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရောင်းချနေတဲ့ ငွေတိုက်စာချုပ်ကို ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော် (BTO-PDA) က နိုဝင်ဘာ ၂၃ ရက်နေ့မှာ ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။
''အခက်အခဲတွေကြားက အလှူငွေပေါများနေလို့တော့ မဟုတ်ပါဘူး။ ဒေါ်လာ ၁၀၀ တန် ဝယ်ယူပြီး NUG ကို တတ်နိုင်တဲ့ဘက်က ကူညီတဲ့အနေနဲ့ သမိုင်းတခုရေးထိုးလိုက်တာပါ'' လို့ BTO-PDA ရဲ့ ဘဏ္ဍာရေးတာဝန်ခံက ပြောပြပါတယ်။
အခုတိုက်ပွဲဟာ စစ်အာဏာရှင်ကို မြန်မာ့မြေပေါ်ကနေ အမြစ်ပြတ် အပြီးတိုင်မောင်းထုတ်တဲ့အရေးတော်ပုံအောင်မြင်တော့မှာဖြစ်လို့ ပြည်သူလူထုအနေနဲ့လည်း NUG ကရောင်းချတဲ့ ငွေတိုက်စာချုပ်အပါအဝင် အောင်လံလွှင့်ချီနွေဦးထီတွေကိုလည်း ဝယ်ယူကြဖို့ တိုက်တွန်းလိုပါတယ်လို့ ဆက်လက်ပြောပြပါတယ်။
အထူးငွေတိုက်စာချုပ်ဝယ်ယူဖို့ လျှောက်လွှာတင်တာကို လက်ခံရရှိပြီးစိစစ်ကာ ရုံးဖွင့်ရင် ၁၄ ရက်အတွင်း အထူးငွေတိုက်စာချုပ်ပြန်လည်ပေးပို့မယ့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနရဲ့ အကြောင်းပြန်ကြားစာကို နိုဝင်ဘာ ၂၃ ရက်နေ့ကလက်ခံရရှိတယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က အထူးငွေတိုက်စာချုပ်တွေကို နိုဝင်ဘာ ၂၂ ရက်မှာ စတင်ရောင်းချခဲ့တဲ့ ပထမတစ်ရက်တည်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၃ သန်းကျော် ရောင်းချပြီးဖြစ်တယ်လို့သိရပါတယ်။