Home
မြန်မာသတင်း
တရက်တည်း ထိုင်းဘက်ခိုးဝင် မြန်မာအယောက် ၉၀ နီးပါး ဖမ်းဆီးခံရ
DVB
·
November 24, 2021

ထိုင်းနိုင်ငံဘက်ကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံသား ၈၇ ယောက်နဲ့ ထိုင်းအမျိုးသားယာဉ်မောင်းတယောက်ကို နိုဝင်ဘာ ၂၃ တရက်တည်းတင် ကင်းလှည့်တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

တရက်တည်းတင် ၂ ကြိမ်ဖမ်းမိခဲ့တာဖြစ်ပြီး ပထမတကြိမ်ကတော့ မနက်အစောပိုင်း ၁ နာရီကျော်လောက်မှာ ရဲနဲ့ စစ်သားတွေ ပူးပေါင်းပါဝင်တဲ့ နယ်စပ်ကင်းလှည့်တပ်ဖွဲ့က ထောင်ဖာဖွန်ခရိုင်ထဲက ဟိုင်းဝေးလမ်းမကြီးပေါ်မှာ ယာဉ်စစ်ဆေးဖို့ တားဆီးရာမှာ မရပ်ဘဲ မောင်းနှင်ထွက်ပြေးတဲ့ ကားတစီးကို လိုက်လံဖမ်းဆီးရာကတဆင့် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖမ်းဆီးရမိမှုမှာတော့ အသက် ၃၉ နှစ်အရွယ် ထိုင်းအမျိုးသားယာဉ်မောင်း ချွန်လာချိုင် ချိုမြောင်ကိုပါ ကားပေါ်တင်ဆောင်လာတဲ့ တရားမဝင်မြန်မာအယောက် ၃၀ နဲ့အတူ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

သူ့ကို ရဲတွေက စစ်ဆေးမေးမြန်းချိန်မှာတော့ ကားပေါ်တင်ဆောင်လာတဲ့ မြန်မာတွေကို စမွတ်ဆခွန်နဲ့ စမွတ်ဆောင်ခရန်ခရိုင်တွေဆီ ပို့ဆောင်ပေးဖို့ ငှားရမ်းခဘတ် ၃ သောင်းနဲ့ လက်ခံခဲ့တာဖြစ်ပြီး အရင်ကလည်း သူဟာ ခုလိုပို့ဆောင်ခဲ့ဖူးကြောင်း ထွက်ဆိုခဲ့ပါတယ်။

ဖမ်းဆီးခံရသူ မြန်မာတွေကို ဖျားနာနေတာမျိုးရှိ၊ မရှိ ကိုယ်ခန္ဓာအပူချိန်တိုင်းတာမှုတွေ လုပ်ဆောင်ခဲ့ချိန်မှာတော့ သံသယဖြစ်စရာမတွေ့ရှိရဘဲ လက်ရှိမှာတော့ သူတို့ကို ထောင် ဖာဖွန်ခရိုင်ရဲစခန်းကို လွှဲပြောင်းခဲ့တယ်လို့ ဆိုပါတယ်။

တရက်တည်းမှာပဲ မနက် ၆ နာရီလောက်မှာ နောက်ထပ်နယ်စပ်ကင်းလှည့်တပ်ဖွဲ့တဖွဲ့က မြန်မာ ၅၇ ယောက်ပါဝင်တဲ့ တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာတဲ့ အုပ်စုတစုကို ထပ်မံပြီးတော့ ဖမ်းမိခဲ့ပါတယ်။

သူတို့ထဲမှာတော့ မြန်မာအမျိုးသား ၃၇ ယောက်နဲ့ အမျိုးသမီးအယောက် ၂၀ ပါဝင်ပြီး ဆန်ခလာဘူရီခရိုင်ထဲက ရာဘာတောတခုထဲမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ရဲတွေက စစ်ဆေးမေးမြန်းချိန်မှာတော့ သူတို့ဟာ တယောက်ကို ပွဲစားခဘတ် ၂၅,၀၀၀ ကနေ ၂၈,၀၀၀ ထိ ပေးခဲ့ကြရပြီး ဆမွတ်ဆခွန်၊ ဘန်ကောက်၊ နွန်ထဘူရီနဲ့ ချွန်ဖွန်ဒေသ တွေမှာ အလုပ်လုပ်ဖို့ ခုလိုဖြတ်ကျော်ဝင်ရောက်ခဲ့ကြတာလို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024