Home
မြန်မာသတင်း
ဆိုင်ကယ် ၂ ဦးအတူစီးသဖြင့် အကြမ်းဖက်စစ်တပ် ပစ်သတ်ခဲ့သူအပါအဝင် ကျဆုံးပြည်သူ ၁၂၉၀ ထိရှိလာ
DVB
·
November 24, 2021

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လခွဲကျော်အကြာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁,၂၉၀ ထိရှိလာပြီလို့ နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၁၀,၄၀၄ ယောက် ဖမ်းဆီးခံခဲ့ရပြီး အယောက် ၇,၅၀၀ ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၀၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့မရဲစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ အသက် ၁၇ နှစ်အရွယ် မောင်ဂျော့မောင်ငယ်ဟာ ရဲနဲ့စစ်သားတွေ အချင်းများပြီး ပစ်ခတ်မှုဖြစ်ပွားရာက သေနတ်ထိမှန်ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ မောင်ဂျော့ မောင်ငယ်ဟာ ပြီးခဲ့တဲ့ ဧပြီလကတည်းက ဖမ်းဆီးခံထားရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်မှာ နိုဝင်ဘာ ၂၀ ရက်နေ့ မနက် ၁၀ နာရီကျော် လောက်က အကြမ်းဖက်စစ်အုပ်စုက အမျိုးသား ၂ ယောက်ကို ဆိုင်ကယ်အတူစီးလို့ ဆိုကာ ပစ်ခတ်ခဲ့တာကြောင့် ဆိုင်ကယ်နောက်မှာ လိုက်ပါလာတဲ့ ကိုတင်မောင်အေးမှာ ကျဆုံးသွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရှိရပါတယ်။ 

အဆိုပါအမျိုးသား ၂ ယောက်မှာ ကျီကုန်းအရှေ့ကျေးရွာက ဖြစ်ကြပြီး သူတို့ဟာ ချောင်းဦးမြို့ကနေ သူတို့နေထိုင်ရာကျေးရွာကို ပြန်လာချိန် အကြမ်းဖက်စစ်အုပ်စုတပ်က ကားတွေနဲ့ လိုက်လံပစ်ခတ်ရာမှ ခင်မွန်ကျေးရွာ ဘောလုံးကွင်းနားအရောက်မှာ  ကျည်ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024