စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီတပ်ရဲ့ရေယာဉ်ကို ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၂ ရက်နေ့ နေ့လယ် ၁ နာရီအချိန်လောက် မုံရွာ-အလုံ-မင်း ဒေါင့်ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကို ဆန်တက်လာတဲ့ စစ်ကောင်စီ အမြန်ယာဥ် ၂ စီးနဲ့ စပိဘုတ် တစ်စီးကို ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က မြစ်ဘေးဝဲယာ နေရာ (၈) ခုကနေ တိုက်ခိုက်ခဲ့တာလို့ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ကျနော်တို့ ပစ်ခတ်ခဲ့တာကတော့ ၈ နေရာကျော်ကနေ ပစ်ခတ်ခဲတယ်။ ဒါပေမဲ့ သူပစ်ကိုယ်ပစ်ပေါ့ဗျာ။ သူတို့က မော်တော်ကို သဲအိတ်တွေ၊ သံပြားတွေနဲ့ ကြိုတင်ပြင်ဆင်ခဲ့တာရှိတယ်ဗျ။ နောက်ပြီး ခေတ်မီလက်နက် အသာစီး ရှိတာတွေကြောင့် ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘူးပေါ့။”
နိုဝင်ဘာ ၂၂ ရက်နေ့ တရက်တည်းမှာတင် ချင်းတွင်းမြစ်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဘက်က ၈ ဦးလောက် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူရှိ၊ မရှိ မသိရသေးဘဲ ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ ကျဆုံးဒဏ်ရာရတာမရှိဘူးလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ရဲ့ အမြန်ရေယာဥ်တစ်စီး ပျက်စီးသွားပြီး ကနီမြို့မှာ စခန်းချရပ်နားထားတယ်လို့ သိရပါတယ်။