စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီက အင်အား ၇၀ လောက်စီပါတဲ့ စစ်ကြောင်း ၄ ကြောင်းနဲ့ အပြင်းအထန် ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေထံက သိရပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲကို နိုဝင်ဘာ ၂၂ ရက် ဒီနေ့ မနက်ပိုင်းက တိုက်ခိုက်ရေး လေယာဉ် ၃ စီး ဆင်းသက်လာပြီး လေကြောင်းစစ်ကူပေးမယ့် အနေအထားမျိုးရှိတယ်လို့ စစ်ကိုင်းဒေသခံ စစ်ရေးစောင့်ကြည့် လေ့လာတဲ့ နိုင်ငံရေးသမား တဦးက ပြောပါတယ်။
“ဒီနေ့မနက်ပိုင်းမှာတော့ အနောက်မြောက်ပိုင်းစစ်ဌာနချုပ်ထဲကို တိုက်ခိုက်ရေးလေယာဉ် ၃ စီး ဆင်းသက်လာတာရှိတယ်။ သူတို့က နှိမ်နင်းမယ်လို့ ကြွေးကြော်ထားပေမယ့် ဒေသခံ PDF တွေရဲ့ ပြောက်ကျားစနစ်ကြောင့် သူတို့ဘက်က အထိနာတာရှိတယ်။ သူတို့ရှုံးမဲမဲပြီး ရှက်ရမ်းရမ်းနေတဲ့ အနေအထားရှိတယ်။”
ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့ ဆက်လက်ထိုးစစ်ဆင်နေပေမယ့် မွန်းလွဲပိုင်းအထိ တိုက်ပွဲကြီးကြီးမားမားမရှိသေးဘူးလို့ ကလေးPDF တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
“နေရာပေါင်းစုံကနေ ကလေးမြို့နယ်တောင်ပိုင်းကို ပိတ်ဆို့ပြီး တပ်ဖြန့်ထားတယ်။ အင်အား ၇၀ စီလောက်ပါတဲ့ စစ်ကြောင်း ၄ ခုနဲ့ ကလေးမြို့နယ်တောင်ပိုင်းကို ထိန်းချုပ်ဖို့ကြိုးစားနေတာဗျ။ ဒီနေ့မနက်ပိုင်းတော့ ထိတွေ့မှုမရှိသေးဘူး။”
မနေ့တုန်းက ကလေးမြို့နယ်တောင်ပိုင်းကျောက်ပြုတ်ရွာက စစ်ကောင်စီ တပ်စွဲထားတဲ့နေရာကို PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် မွန်းလွဲပိုင်းမှာ PDF တွေ နောက်ပြန်ဆုတ်ခဲ့ရပါတယ်။
ကျောက်ပြုတ်ရွာတိုက်ပွဲမှာ စစ်သား ၅ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ကလေး PDF ဘက်က ၂ ယောက်ကျဆုံးခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးတွေဟာ ကျောက်ပြုတ်ရွာမှာတပ်စွဲထားဆဲဖြစ်ပြီး ရွာထဲမှာ ပြည်သူတွေ နေထိုင်တာမရှိတော့ပါဘူး။
နိုဝင်ဘာ ၁၆ ရက်က ကလေး PDF တပ်ရင်း(၃)စခန်းကနေ ဖမ်းဆီးသွားတဲ့ ဆေးတပ်သား မိန်းကလေး ၉ ယောက်ရဲ့သတင်းကိုတော့ အခုထိမကြားရသေးပါဘူး။
စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်စပ်၊ ယောဒေသနဲ့ ပုံတောင်ပုံညာလမ်းပိုင်းကို စစ်ကောင်စီတပ်တွေက အဓိကထိန်းချုပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ပုံတောင်-ပုံညာတဘက်လမ်းပိုင်းဖြစ်တဲ့ ပေါက်၊ ဆော၊ ကျောက်ထု၊ ထီးလင်း၊ ဂန့်ဂေါဘက်ပိုင်းမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်နေပြီး ထီးလင်းနဲ့ ဆောဘက်မှာ လေယာဉ်ပစ်ကူတွေနဲ့ပါ စစ်ကောင်စီက ပစ်ခတ်ခဲ့ပါတယ်။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ကလေးမြို့နယ်ကို စစ်ကောင်စီက ထိုးစစ်ဆင်နေတာကြောင့် ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF က စစ်ကူတွေပို့ပေးတာတွေရှိနေသလို ပူးပေါင်းတိုက်ခိုက်တာတွေလည်း ပြုလုပ်ပေးနေပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့ ကျောက်ပြုတ်ရွာတိုက်ပွဲမှာလည်း YDF က စစ်ကူပေးခဲ့ပြီး ကလေးမြို့မှာ တိုက်ပွဲမကြီးမားအောင် ယောဒေသမှာ YDF တွေရဲ့စစ်ရေးလှုပ်ရှားမှုတွေ မြှင့်တင်ပေးထားတယ်လို့ ဆိုပါတယ်။
YDF တာဝန်ရှိသူတစ်ဦး “မနေ့က ထိတွေ့မှုကတော့ မင်းရွာဘက်ကလာတဲ့ စစ်ကား ၅ စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့အတွက် ၃ စီးထိခိုက်သွားတယ်ဗျ။ အသေအပျောက်အဆုံးကတော့ အတိအကျကြီးမသိရဘူး။ စစ်ကောင်စီယာဉ်တန်းက ဂန့်ဂေါမြောက်ပိုင်း ဂန့်ဂေါ-ကလေးလမ်းကြောင်းကို ဆက်သွားမယ်လို့ ယူဆရတယ်ဗျ။ မနေ့က ဂန့်ဂေါမြို့နယ် ကန်နယ်မြေရဲစခန်းကို YDF က ဝင်ရောက်တိုက်ခိုက်တာရှိခဲ့ပါတယ်။ ကလေးနဲ့ဂန့်ဂေါက နယ်မြေချင်းထိစပ်နေတော့ ကလေးဘက်ကို စစ်ကူသွားပေးနေတာရှိပါတယ်။ သူတို့ဘက်က အကူအညီတောင်းတာနဲ့ ကျနော်တို့ဘက်က ကူညီပေးဖို့ အသင့်ဖြစ်နေပါတယ်ဗျ။ ကလေးဘက်မှာ တိုက်ပွဲကြီးကြီးမားမားမဖြစ်အောင် ယောဘက်မှာ စစ်ရေးလှုပ်ရှားမှုတွေ မြှင့်တင်ပေးထားပါတယ်။”
ကလေးမြို့နယ်အတွင်းက ဘယ်နေရာမှာမဆို တိုက်ပွဲတွေအချိန်မရွေးဖြစ်နိုင်တဲ့အတွက် ပြည်သူတွေဟာ ဘေးလွတ်မယ့်နေရာ ရှောင်ရှားနေထိုင်ကြဖို့ ကလေး PDF က မေတ္တာရပ်ခံစာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ သွားလာလှုပ်ရှားမှုတွေကိုလည်း အခွင့်အရေးရရင် ကလေး PDF ဆီကို သတင်းအချက်အလက်ပို့ပေးဖို့ မေတ္တာရပ်ခံစာမှာ ထည့်သွင်းတိုက်တွန်းထားပါတယ်။ စစ်ကောင်စီက စစ်ကိုင်းတိုင်းမှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအချက်အလက်တွေ အမှောင်ချဖို့လည်း ကြိုးစားနေပါတယ်။