သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက စွဲဆိုထားတဲ့ သဘာဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ အမှု ၂ ခုကို ဒီဇင်ဘာ ၆ ရက်နေ့မှာ အပြီးသတ်စီရင်ချက်ချဖို့ ဒီကနေ့ နိုဝင်ဘာ ၂၂ရက်နေ့ ရုံးချိန်းမှာ တရားရုံးက ဆုံးဖြတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက စုံစမ်းသိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ သဘာဝဘေးပုဒ်မအမှု ၂ ခုအတွက် နှစ်ဖက်အပြီးသတ်လျှောက်လဲချက်တင်ခဲ့ပြီး ဇမ္ဗူသီရိမြို့နယ်တရားသူကြီး ဦးမောင်မောင်လွင်က စစ်ဆေးခဲ့ပါတယ်။
ဒီနေ့ ဇမ္ဗူသီရိအထူးတရားရုံးမှာ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကိုစွဲဆိုထားတဲ့ သဘာဝဘေးပုဒ်မ ၂ မှုပါအဝင် အတိုင်ပင်ခံပုဂ္ဂိုလ် တစ်ဦးတည်းကို စွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန်ပုဒ်မနဲ့ ဆက်သွယ်ရေးပုဒ်မတို့ကိုလည်း စစ်ဆေးခဲ့ပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ်စွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန်ပုဒ်မနဲ့ ဆက်သွယ်ရေးပုဒ်မ ၂ ခုအတွက် အတိုင်ပင်ခံကိုယ်တိုင် သက်သေအဖြစ်အစစ်ခံခဲ့ပြီး ဒီဇင်ဘာ ၆ ရက်နေ့မှာပဲ အပြီးသတ်လျှောက်လဲချက်ပေးရမယ်လို့ သိရပါတယ်။
အမှုမစစ်ခင် သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို သူတို့ရဲ့ ရှေ့နေတွေ တွေ့ဆုံခွင့်ရခဲ့ပြီး နှစ်ယောက်စလုံး ကျန်းမရေးကောင်းမွန်တယ်လို့ သိရပါတယ်။
သမ္မတ၊ အတိုင်ပင်ခံနဲ့ ဒေါက်တာမျိုးအောင်တို့သုံးဦးတွဲ အစွဲခံထားရတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အမှုကိုလည်း နိုဝင်ဘာ ၃၀ ရက်နေ့မှာ စီရင်ချက်ချသွားဖို့ရှိနေပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ အချိန်တစ်ပတ်အတွင်း အမှုနှစ်ခုအတွက် စီရင်ချက်အချခံရဖို့ အခြေအနေရှိနေပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှု ၁၁ မှုနဲ့ တရားစွဲ ထားတာဖြစ်ပြီး စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၅ ရက်က ထပ်မံ စွပ်စွဲတဲ့ ရွေးကောက်ပွဲတရားမဲပြုကျင့်မှုပါနဲ့ဆိုရင် ရင်ဆိုင်ရမယ့်အမှုတွေ ပိုများလာတာဖြစ်ပါတယ်။