စစ်ကိုင်းတိုင်း မုံရွာအလုံဆိပ်ကမ်းကနေ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီ အမြန်ရေယာဉ်တစ်စီးနဲ့ speed boat တစ်စီးကို ဘုတလင်မြို့နယ် အင်တောဆိပ်ကမ်းနဲ့ နုန်းတောဆိပ်ကမ်းကြားမှာ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၅ နာရီလောက် ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ကျနော်တို့ ဒီကောင်တွေ တက်လာတဲ့သတင်း အတိအကျရတာနဲ့ ပစ်ကွင်းထဲ ရောက်တာနဲ့ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်ခဲ့တယ်။ သူတို့ဘက်က အကျအဆုံးကတော့ မသိရဘူးဗျ။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး။ ဒါပေမဲ့ ဒီကောင်တွေက သူတို့အပစ်ခံရလို့ ရွာတွေကို လက်နက်ကြီးနဲ့ ပြန်ပစ်တာတွေတော့ ရှိတယ်။ ဘာတွေ ပျက်စီးမယ်လို့တော့ မသိရသေးဘူး”လို့ ဘုတလင်ပြည်သူကာကွယ်ရေးအဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီအမြန်ရေယာဉ်ကို ဘုတလင်ပြည်သူ့ကာကွယ်ရေးက ပစ်ခတ်ခဲ့ရုံသာမက ကနီပြည်သူ့ကာကွယ်ရေးတပ်ကလည်း ပစ်ခတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။
အဆိုပါပစ်ခတ်ခံရတဲ့ စစ်ကောင်စီအမြန်ရေယာဉ်ဟာ ဒေသခံ ကနီ၊ ဘုတလင် ကာကွယ်ရေးတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အထက်ကို ဆန်မတက်နိုင်ဘဲ ဘုတလင်ညောင်သူများ ကျေးရွာအနီး ရေလယ်ကောင်မှာ ကျောက်ချပြီး မုံရွာဘက်က စစ်ကူလာမယ့် အမြန်ရေယာဉ်ကို စောင်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က အထိအခိုက်များရှိနေပြီး အရေအတွက်ကတော့ အတိအကျမသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။