နေပြည်တော်၊ တပ်ကုန်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှာ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က ဗုံး ၁ လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတဦးက ''ရုံးရှေ့က စစ်သားတွေနေတဲ့ဂိတ်မှာ ပေါက်တယ်လို့ပြောတယ်ဗျ။ စစ်ကားတွေရောက်လာပြီး အစစ်အဆေးလုပ်နေတာတော့မြင်တယ်။ ထိခိုက်မှုတော့မသိရဘူး'' လို့ ပြောပါတယ်။
ဒီဗွီဘီက ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို အသေးစိတ်သိရှိနိုင်ဖို့ တပ်ကုန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်ကို ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
''လက်ပစ်ဗုံးနဲ့အပစ်ခံရတာလို့တော့ ပြောတယ်။ စနေနေ့က ရုံးပိတ်ရက်ဆိုတော့ ဝန်ထမ်းတွေမရှိဘူးလေ။ စစ်သားဗုံးဆံမှန်တယ် တော့ သိရတယ်။ ဘယ်နှယောက်ထိသွားလဲ မသိဘူး။ တနင်္လာနေ့တော့ အတိအကျသိရမှာပေါ့'' လို့ စာရေးဝန်ထမ်းတဦးက ဆိုပါတယ်။
ဗုံးဖောက်ခွဲမှုကို တပ်ကုန်းမြို့ပြပြောက်ကျားတပ်ဖွဲ့ Tatkon Urban Guerrilla ကပြုလုပ်ခဲ့တာဖြစ်တယ်လို့ တာဝန်ခံကအတည်ပြုဖြေကြားထားပါတယ်။
တပ်ကုန်းမြို့နယ်၊ လျှပ်စစ်ရုံးမှာလည်း နိုဝင်ဘာလ ၁ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်က ဗုံး ၁ လုံးပေါက်ကွဲလို့ ရုံးအဆောက်အအုံ အနည်းငယ်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။