မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လခွဲကျော်အကြာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၂၈၁ ယောက်ထိရှိလာပြီလို့ နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၁၀,၃၄၀ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၇,၄၃၆ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၉၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရေကြည် ပေါက်ကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင် ဦးဌေးအောင်ကို အကြမ်း ဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးချိန်မှာ မတွေ့တာကြောင့် သူ့ရဲ့ အ သက် ၁၃ နှစ် အရွယ် သားဖြစ်သူကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဝဲလောင်ရွာသစ်ကျေးရွာမှ ရပ်ကျေး အုပ်ချုပ်ရေးမှူးဟောင်း ဦးသိန်းနိုင်ထွန်း၊ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုညိုမင်း သန့်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ဝင်လို့ စွပ်စွဲခံရသူ ကိုငြိမ်းချမ်းသျှင်တို့ကို အ ကြမ်းဖက် စစ်အုပ်စုတပ်က လာရောက်ရှာဖွေချိန်မှာ မတွေ့တာကြောင့် ဦးသိန်း နိုင်ထွန်းရဲ့ ဇနီးဖြစ်သူ ဒေါ်သူဇာစိုးနဲ့ ပရဟိတလူငယ် ကိုသိန်းဇော်(ခ)စံထူးတို့ကို ဓားစာ ခံအဖြစ် နိုဝင်ဘာ ၁၃ ရက်မနက် ၁၀ နာရီလောက်မှာ ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။
နိုဝင်ဘာ ၆ ရက်မနက် ၅ နာရီလောက်ကတော့ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီး မြို့နယ်၊ လက်ဝဲမြင်းနီကျေးရွာမှ ဦးသန်းလွင်ဦး၊ ဦးမော်နိုင်၊ ကိုကောင်းခန့်၊ ကိုဖိုးသား၊ ကိုချမ်းဖြိုး၊ ကိုမိုးဒီ၊ ဦးဝင်းသော်နဲ့ ကိုသော်ဇင်တို့ ၈ ယောက်ကို အကြမ်းဖက် စစ်အုပ်စု တပ်က လာရောက်ဖမ်းဆီးရာ မတွေ့တာကြောင့် ကောင်းခန့်ရဲ့ မိခင်၊ ကိုချမ်းဖြိုးရဲ့ ဖ ခင်နဲ့ ဦးမော်နိုင်ရဲ့ သမီးအပါအဝင် တခြားရွာသား ၄ ယောက်၊ စုစုပေါင်း ၇ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။