ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ နိုဝင်ဘာ ၁၈ ရက် ညပိုင်းက ရဲတပ်ကြပ်ကြီး တယောက် ကို အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
မှော်စီစာကျေးရွာနားမှာ ရဲတပ်ကြပ်ကြီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ည ၉ နာရီလောက်မှာ လာရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
" ရဲတပ်ကြပ်ကြီး တဉီးသေတယ်။ ညတွင်းချင်းပဲ စစ်(..) တွေက ခြေရှုပ်တယ် ရွာထဲ ဝင်ရှာတယ်။ ဒါပေမဲ့ လုပ်တဲ့သူတွေက လွတ်သွားတယ်''လို့ ဒေသခံတဉီးက ပြောပါတယ်။
ရဲတပ်ကြပ်ကြီး သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီ တပ်သားတွေ အင်အားအပြည့်နဲ့ရောက်ရှိလာပြီး ရွာထဲမှာဆဲဆို ကြိမ်းမောင်းတာတွေပြုလုပ်ကာ အလောင်းကို ဆေးရုံပို့ခဲ့ကြတယ်လို့ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာက ရဲစခန်းမှူးနဲ့ အရာရှိတဦးလည်း အမည်မသိအဖွဲ့ရဲ့ ဖမ်းဆီးခံရပြီး ခုထိပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်စခန်း ၃ ခုကို နိုဝင်ဘာလ ဒုတိယပတ်က KIA နဲ့ PDF ပူးပေါင်းပြီး စခန်းသိမ်း တိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါတယ်။