မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အောင်တံခွန်ရပ်ကွက်က ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေး (PPDF) တပ်ဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်လွင်လွင်မြင့်ရဲ့ နေအိမ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ လက်အောက်ခံ ရဲအင်အားအများအပြားနဲ့ လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“အစောကြီးကတည်းက ထင်ထားပြီးသားပါ။ အဲဒီလိုလုပ်လိုက်လို့လည်း အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းမယ့် ကျမရဲ့ခံယူချက်က ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ပိုပြီးတော့တောင် ပြင်းထန်လာသေးတယ်” လို့ ဒေါ်လွင်လွင်မြင့်က ပြောပါတယ်။
ဖခင်ဖြစ်သူဟာ ၁၉၈၈ တုန်းက ပါဝင်ခဲ့ပြီး အစ်ကို ဦးဂမ္ဘီရကလည်း ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့ကြကြောင်း၊ သူတို့တွေရဲ့ မပြီးဆုံးခဲ့တဲ့ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးဆိုတဲ့ တာဝန်ကို ဆက်ယူပြီး စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမလို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က လက်နက်အားကိုးနဲ့ နိုင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံအဝန်းက NLD ပါတီ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင် ၅၀၀ နီးပါးကို မတရားဖမ်းဆီးချုပ်နှောင်ထားတာလည်း ဖြစ်ပါတယ်။
မကွေးတိုင်းအတွင်းမှာ နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် ပြည်သူတွေရဲ့ နေအိမ်နဲ့ စျေးဆိုင်တွေကို အကြမ်းဖက်စစ်ကောင်စီက မတရားချိပ်ပိတ်သိမ်းဆည်းတာ ၂၄ နေရာအထိ ရှိနေပြီး နိုင်ငံနဲ့အဝန်း မကွေးတိုင်းက အများဆုံးဖြစ်တယ်လို့ ဒီဗွီဘီက စုံစမ်းသိရှိရပါတယ်။