Home
မြန်မာသတင်း
ပြည်သူ့မင်းသမီး မြနှင်းရည်လွင် ရွတ်ဆိုသည့် “ကျောင်းတံခါးတွေ ဖွင့်တော့ကွယ်”
DVB
·
November 16, 2021

သိပ်မကြာခင်က အမျိုးသားညီညွတ်ရေးအစိုးရက ပြုလုပ်ခဲ့တဲ့ ပညာရေးရန်ပုံငွေဖျော်ဖြေပွဲမှာ တခြားသော အနုပညာရှင်တွေနဲ့အတူ ပြည်သူ့အချစ်တော် သရုပ်ဆောင် မင်းသမီး မြနှင်းရည်လွင်ကလည်း တတပ်တအား ပါဝင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး မြန်မာ့ပညာရေးပြန်လည်ဦးမော့လာရေးကို ရည်ရွယ် ပြုလုပ်တဲ့ ဒီဖျော်ဖြေပွဲကိုတော့ “ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ” လို့ အမည်ပေးထားခဲ့ကာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေကြတဲ့ နိုင်ငံကျော် ဂီတ၊ ရုပ်ရှင်၊ ကာတွန်း၊ စာပေ၊ ပန်:ချီ အနုပညာရှင်တွေက တော်လှန်ရေးတေးသီချင်းတွေ၊ ကဗျာတွေ၊ ကာတွန်း၊ ပန်းချီ၊ မှတ် တမ်းရုပ်ရှင်နဲ့ တခြားသော အနုပညာဖျော်ဖြေမှုအစီအစဉ်များစွာနဲ့  ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဒီဖျော်ဖြေပွဲမှာတော့ ထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နဲ့ အတူ အဆိုတော် ချမ်းချမ်း၊ R. ဇာနည်၊ သရုပ်ဆောင် မင်းမော်ကွန်း၊ ဒေါင်း၊ မြနှင်းရည်လွင်၊ မြတ်နိုးအေးတို့နဲ့ တခြားအနုပညာရှင်တွေလည်း အများကြီး ပါဝင်ခဲ့ကြပါတယ်။

ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီး မြနှင်းရည်လွင်ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးမှာ ရှေ့တန်းတနေရာကနေ ပြည်သူတွေနဲ့ ပူးပေါင်းပါဝင်နေသလို ဒီရန်ပုံငွေ ဖျော်ဖြေပွဲမှာလည်း ကဗျာတပုဒ်ကို ရွတ်ဆိုခဲ့တာ ဖြစ်ပါတယ်။

“ကျောင်းတံခါးတွေ ဖွင့်တော့ကွယ်(သို့ ) 2021 Phoenix လို့ အမည်ပေးထားတဲ့ ဒီကဗျာကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ရာဇဝင်ထဲမှာ

မီးလျှံထဲကနေရုန်းကန်ပြန်ထ

ဖီးနစ်ငှက်ပဲ ရှိသတဲ့လား

ငါတို့ ရှိတယ်

မြန်မာပြည်မှာ ရှိပါတယ်

ခွပ်ဒေါင်းဆိုတာ  မီးလျှံမှမက

ကျည်ဆံတွေကြား

သွေးအိုင်ကြား

အကြိမ်ကြိမ်အခါခါ ပြန်ရုန်းထပြီး

မီးဟုန်းဟုန်း တောက်နေတဲ့ နိုင်ငံတော်ကို

တော်လှန်သော ပခုံးသားတွေနဲ့

ခောတ်အဆက်ဆက်

ထမ်းပိုးနေတဲ့

မင်းတို့ဟာ  ငါတို့ဟာ

မြန်မာပြည်က ကျောင်းသားတွေပါ

ပန်းပွင့်လို လက်ဖဝါး

ဒါပေမယ့် သံမဏိလို စိတ်ထားနဲ့

စစ်နတ်ဘုရားတွေကို ခြောက်ခြားစေခဲ့

မတရားမင်း အဆက်ဆက်ကို

ပလ္လင်ထက်က ဆွဲချခဲ့ကြတဲ့

အညတရ လူစွမ်းကောင်းတွေပါ

နိုင်ငံတော် သွားရာလမ်းကို သူတို့သွေးနဲ့ လမ်း

ခင်းခဲ့ကြ

အဖိုးအခအဖြစ် အသက်ရော ဝိညာဉ်ပါ

ပေးအပ်ခဲ့ကြရတာ

တန်ရဲ့လား ခလေးတို့ရေ

သခင်အောင်ဆန်း သခင်ဗဟိန်း သခင်နု အစရှိသဖြင့် သူတို့ငယ်ခဲ့ကြတယ်

သူတို့ စွန့်ခဲ့ကြတယ်

သူတို့ သတ္ထိ

သူတို့ အစဉ်အလာ

သူတို့သွေးချွေး

လက်ဆင့်ကမ်း သယ်ဆောင်

ကျောင်းခေါင်းလောင်းသံ တွေ

တဝေဝေ မြည်လေတိုင်း

ငါတို့ သမိုင်းမှာလဲလူငယ်တွေပဲ ကိုင်းရှိုင်းစရာ ရှိခဲ့တယ်

ကျောင်းဆိုတာ

ပညာဆိုတာ

အမှန်ကို သိဖို့

ဓမ္မကို မြတ်နိုးဖို့တဲ့

လူငယ်တွေဟာ အဲ့သလို သင်ကြားခဲ့ရတယ်

ဒါပေမယ့်

စစ် အာဏာရှင် ဘီလူးဟာ

အဓမ္မမုန်တိုင်းဆင်

စစ်ဖိနပ်ကို ကဆုန်ဆိုင်းနှင်ပြီး

အမှန်တရားရဲ့ လည်မြိုကို တက်နင်း

နိုင်ငံတော်ကို အမှောင်ထုထဲ သက်ဆင်းစေခဲ့တယ်

အဲ့သလိုနဲ့  မုဆိုးတစ်ခေတ်ကို ရောက်ခဲ့ရပြန်ပေါ့

လူငယ်တွေ ဟာ

ပြည်သူတွေဟာ

ငါတို့ဟာ လူသား ဖြစ်တယ်

ငါတို့ဟာ လူသား စစ်စစ်ဖြစ်တယ်လို့ တဖွဖွရေရွတ်

အဓမ္မရဲ့သားကောင် ဘဝကို

ချေချွတ်ဖို့

သမိုင်းက ပေးတဲ့ တာဝန်အရ

ခွပ်ဒေါင်းဟာ

ပြန်လည် ရုန်းထ လာခဲ့ရတော့တယ်

မုဆိုးရာသီ ကုန်ခဲ့ပြီလို့ ဘယ်သူပြောလဲ

လေးနဲ့မြှား မလိုတော့ဘူးလို့ ဘယ်သူပြောလဲ

ဟောဒီ့ ယဉ်ကျေးပါတယ်ဆိုတဲ့ကမ္ဘာကြီးမှာလေ

လက်နက်ကိုင်ရိုင်းစိုင်း အဝိဇ္ဇာမှိုင်းမိနေတဲ့

လူရိုင်းတစ်စု ရှိနေသေးရဲ့

ငါတို့နဲ့မှ တိုက်တိုက်ဆိုင်ဆိုင်

ငါတို့ခေတ်ကျမှ တိုက်တိုက်ဆိုင်ဆိုင်

သူတို့တွေနဲ့မှ မျက်နှာခြင်းဆိုင် တွေ့ရပြန်သတဲ့

ငါတို့က

နိုင်ငံတော်ကို လူစဉ်မီစေချင်တာပါ

ငါတို့ မျိုးဆက်ကို လူရာဝင်စေချင်တာပါ

ငါတို့ သမိုင်းကို မရိုင်းစေချင်တာပါ

သစ်ပင် ကိုယ်၌က နေရာလွဲ နေမှတော့

အဖူးအကင်းတွေလဲ

ဘယ်မှာ ဖြစ်ထွန်းနိုင်ပါ့မလဲ

ဒီတော့

“နိုင်ငံတော် အတွက်ဆို အသက်ကိုလဲ ဘာမထီ”တဲ့

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် က တေးသွား

ခုထိ ဆက်လက်သီဆိုနေရတုန်းပဲမို့လား

ဘယ်တတ်နိုင်မလဲ

နောင်မျိုးဆက်တွေ

လွတ်လပ်မှု

တန်းတူညီမျှမှုနဲ့တရားမျှတမှု

စာပေ ဂီတ အနုပညာ

ချစ်ခြင်းမေတ္တာနဲ့ဉာဏ်ပညာကို

လွတ်လပ်စွာဖန်တီးဖို့

လွတ်လပ်စွာခံစားဖို့

ငါတို့ လေးနဲ့ မြားကို ကိုင်ခဲ့ပြီ

ငါတို့ စစ်အတတ်ကိုသင်ခဲ့ပြီ

ငါတို့ ဘဝ နဲ့ အသက် ကို စွန့်ခဲ့ပြီ

အဲ့လိုစိတ်နဲ့ပဲ

ကျောင်းတော်ကို စွန့်ခွါခဲ့ကြ

အဲ့လို စိတ်နဲ့ပဲ

တောနက်တွေထဲ တိုးဝင်ခဲ့ကြ

၁၉၈၈ မှ သည်

၂၀၂၁ အထိ

“ပေတရာပေါ်မှာစီးတဲ့သွေးတွေ မခြောက်သေးဘူး” မှသည်

“အာဏာရှင် တိုက်ဖျက်ကြမယ် အလိုမရှိ”အထိ

အာဇာနည် မဝင်းမော်ဦးမှ သည်

အာဇာနည် မကြယ်စင်အထိ

ကြယ်လေးတွေ လိပ်ပြာလုံဖို့

ရည်ရွယ်ပြီး

နိုင်ငံတော်ရဲ့လွတ်လပ်မှုနဲ့ဂုဏ်သိက္ခာကို

သင်းသတ်နေတဲ့မြှား

နိုင်ငံတော်ကို တစစီ ဖြိုချ

ပြည်ထောင်စု ကျက်သရေခန်းကို

အမှောင်ကျစေတဲ့

လူမျိုးကြီးဝါဒမြှား

နိုင်ငံတော်ကို စူးစူးနစ်နစ် အစင်းစင်းခနေတဲ့

ကပ်ကြီးသုံးပါးမြှားတွေကို

လူငယ်တွေရဲ့ အသက်ဝိညာဉ်

အနာဂတ်တွေက သွေးအလိမ်းလိမ်းနဲ့

ဆူးလို ထွင်ပစ်နေခဲ့ကြ

တစ်နေ့တော့

တစ်နေ့ကျတော့ပေါ့လေ

အဲ့ဒီအေးစက်စက် အမှောင်ထု လွင့်ပါးချိန်

အဲ့ဒီ့ ထူပိန်းပိန်း အမိုက်တိုက် ဖယ်ရှားပြီးချိန်

နွေဦးပေါက်ရင်

နွေဦး ပေါက်ခဲ့ရင်ပေါ့

သစ်ရွက်တွေလဲ ပြန်လည်စိမ်းလန်း

အေးခဲနေတဲ့ သံသယတွေ

အုံ့ဆိုင်းနေတဲ့ အာဃာတတွေ

နွေးထွေးနူးညံ့တဲ့

နေရောင်ခြည်အောက်မှာ အရည်ပျော် ပျက်ပြယ်

နိုင်ငံတော်ဟာ လဲ လွတ်လပ်တဲ့ ပန်းရိုင်းပွင့််လေးလို

အစကနေ အသစ် ပြန်ပွင့်

တစ်နေ့ပေါ့လေ

အဲ့ အချိန်ကျတော့

ဘယ်ကျောင်းသားကများ စာသင်ခန်းကို စွန့်ထားချင်မှာတဲ့လဲ

ဘယ်ကျောင်းသူကရောသေနတ်တွေ ယမ်းငွေ့တွေကြားနေချင်မှာတဲ့လဲ

ကျောင်းပုရဝုဏ်ထဲ ဓမ္မပန်းတွေပြန်ဖူးပွင့်

ကျောင်း လေထုထဲ သစ္စာရနံ့ တွေ ပြန်ရတဲ့နေ့

ကျောင်းစာသင်ခန်းကို ယဇ်ပလ္လင်ပေါ်က ပြန်ချပြီးတဲ့ တစ်နေ့

အော်

ဒီအာဏာရှင် တစ်ခေတ် ကို

ငါတို့ ကိုယ်တိုင်အပြီးအပိုင်ရပ်ပစ်ပြီးတဲ့ တစ်နေ့ပေါ့

ကျဆုံးလေပြီးသော သူရဲကောင်းလေးများက

ဒီလိုပြောကြလိမ့်မယ်

တော်လှန်ရေးဆိုတာ

နှလုံးသားကို အရေခွံလဲတာပဲဆိုတဲ့ အကြောင်း

ဓမ္မကို ပြည့်ပြည့်ဝဝ ဆုတ်ကိုင်နိုင်ဖို့

သူတို့ အသက်ကိုတောင်

လွှတ်ချ ပေးခဲ့ကြကြောင်း

နိုင်ငံတော် ပြန်သစ်ဖို့

သူတို့ ဝိညာဉ်တွေနဲ့ ထုဆစ်ပေးခဲ့ကြောင်း

နောင်လာမယ့် မျိုးဆက်သစ်အတွက်

ကျောင်းတံခါးတွေ  ပြန်ဖွင့်လှစ်

သမိုင်းသစ်ကို ထုဆစ်ကြဖို့ကြောင်း

နိုင်ငံတော်သစ်မှာ

ဆက်ဆက်ဆုံဖို့

စောင့်နေကြမယ်

ဆိုတဲ့အကြောင်း

Samuel Cyrus

ပညာဖြင့်တော်လှန်နွေဦးရဲ့အောင်လံ Virtual Live Show တွင် မြနှင်းရည်လွင် ရွတ်ဖတ်ခဲ့သောကဗျာ.....

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024