ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ နိုဝင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းက ပုသိမ် - ချောင်းသာ ကားလမ်းမှာ ချောင်းသာဘက်ကနေ ပုသိမ်ကိုပြန်လာတဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ဝန်ကြီး တဦးလိုက်ပါလာတဲ့ ယာဉ်တန်း သေနတ်နဲ့ဝိုင်းပစ်တာခံခဲ့ရတယ်လို့ သိရပါတယ်။
ခြောက်ကောင်ကျေးရွာအနီး တောင်သာယာကုန်းနားမှာ ညနေ ၃ နာရီလောက်က စစ်ကောင်စီရဲ့ ကား ၈ စီးနဲ့ လာတဲ့ ဒုဝန်ကြီးယာဉ်တန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ တိုက်ပွဲဖြစ်တဲ့ပုံစံမျိုး သေနတ်သံတွေ အများကြီးကြားရတယ်။ စစ်သားတော်တော်များများထိတယ်။ သိပ်တော့ မကြာလိုက်ဘူး။ လာပစ်တဲ့အဖွဲ့က ပြန်ဆုတ်သွားတယ်”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ ယာဉ်တန်းဟာ ဟိုတယ်ခရီး ဒုဝန်ကြီး လမ်းကြောင်းဖြစ်ကြောင်းနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သား ၁၀ ယောက်လောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောဆိုပေမယ့် ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောာင်စီခန့် ဟိုတယ်ခရီး ဝန်ကြီး ဦးဌေးအောင်နဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ်တို့ ချောင်းကမ်းခြေဖွင့်ပွဲသွားပြီး ပြန်လာတာလို့လည်း သတင်းတွေထွက်နေပါတယ်။
စစ်ကောင်စီတပ်သားတွေ အထိနာပြီးနောက်ပိုင်း ည ၅ နာရီလောက်ထိ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့ ကျေးရွာနဲ့ အနီးတဝိုက်ကို စစ်ကားနဲ့ ရဲကား ၄၀ လောက် ဆင်းသွားပြီး ပိတ်ဆို့ထားကာ ဒေသခံတချို့ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ကန်ကြီးထောင့်မြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက်ပိုင်း ဧရာဝတီတိုင်းမှာ ခုဖြစ်စဉ်ဟာ ဒုတိယအကြိမ်မြောက် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။