ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မြန်မာနယ်စပ်ဖှန်မြို့နယ်ထဲမှာ ထိုင်းတာဝန်ရှိသူတွေက မူးယစ်ဆေးဝါးသယ်ဆောင်သူ တယောက်ကို အသေပစ်ခတ်ဖမ်းမိပြီး စိတ်ကြွဆေးပြား ၆ သန်းနဲ့ သေနတ်ပါဖမ်းမိတယ်လို့ Matichon Online သတင်းမှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ၁၃ ရက် ညနေ ၅ နာရီခွဲလောက်က ထိုင်းစစ်တပ်နဲ့ ရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ချင်းမိုင်ခရိုင်မယ့်အိုင်းမြို့နယ် ဆန်တွန့်မွေ့ကျေးရွာအုပ်စုထဲမှာ စစ်ဆေးရေး ဂိတ်ချပြီး ယာဉ်အသွားအလာတွေ စစ်ဆေးစဉ် နယ်စပ်ဘက်က မောင်းလာတဲ့ ကားတစ်စီးကို စစ်ဆေးဖို့တားမြစ်ရာမှာ မောင်းပြေးသွားလို့ လိုက်ဖမ်းခဲ့တယ်လို့ တာဝန်ရှိသူမှ သတင်းထောက်တွေကိုပြောပါတယ်။
အဲဒီကားဟာ ဖှန်မြို့နယ် ဝိန်းအုပ်စု နောင်တွန့်ကျေးရွာနားရောက်တော့ ကားပျက်ပြီး လမ်းဘေးကရေမြောင်းထဲ ထိုးကျသွားစဉ် ကားသမားက တာဝန်ရှိသူတွေကို အရင်ဆုံး သေနတ်ပစ်ခတ်ပြီး ထွက်ပြေးဖို့ကြံစည်လို့ တာဝန်ရှိသူတွေဘက်က အသေပစ်ခတ်ဖမ်း ဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
ကားကိုစစ်ဆေးရာမှာတော့ တစ်အိတ်လျှင် စိတ်ကြွဆေးပြားအလုံးရေ ၂ သိန်းထည့်ထားတဲ့ အိတ်ပေါင်း ၃၀ လုံး ( စုစုပေါင်းဆေးပြား ၆ သန်း ) ၊ ပစ္စတိုတစ်လက် ၊ ကျည် ၁ ကတ်နဲ့ လက်ကိုင်ဖုန်း ၁ လုံး ကိုပါ ဖမ်းဆီးရမိကြောင်း ၊ သေဆုံးသွားတဲ့ကားသမား ဘယ်သူဘယ်ဝါဆိုတာကိုတော့ စိစစ်နေဆဲ ဘဲလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီနေ့ တစ်ရက်တည်းမှာဘဲ ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ ကျိန်းဆဲန်မြို့နယ် ဘန့်ရှောင်း ကျေးရွာအုပ်စုရှိ ခြုံပုတ်ထဲမှာ AAA အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၂ သိန်းထည့်ထားတဲ့ အိတ်တစ်လုံးကို တာဝန်ရှိသူတွေက ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိခဲ့ကြောင့် သတင်းမှာ ဖော်ပြပါတယ်။
Ref- Matichon