စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာကို နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး အိမ်နှစ်အိမ်ကို ဝင်ရောက်စီးနင်းရှာဖွေကာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားပါတယ်။
လက်နက်တွေရှိတယ်လို့ သတင်းရလို့ လာရောက်မွှေနှောက်ရှာဖွေသွားတာဖြစ်ပြီး အိမ်ထောင်ဦးစီး အမျိုးသားတွေကို နေအိမ်မှာ မတွေ့တဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးနှစ်ယောက်ကို ဖမ်းဆီးခေါ်သွားတာလို့ ဒေသခံတွေထံက သိရပါတယ်။
အခုအခါ အမျိုးသမီးတယောက်ကို ပြန်လွှတ်ပေးလိုက်ပြီး ကျန်တယောက်ကို ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရွာသားတယောက်က ပြောပါတယ်။
လက်နက်ကိုင်စစ်ကောင်စီတပ်တွေဟာ စစ်ကားအသုံးမပြုဘဲ နာရေးကား အဖြူရောင်နဲ့ ရောက်လာတာဖြစ်ပြီး နောင်ကြီးအိုင်ကျေးရွာထဲမှာသာမက ရွာမြောက်ဘက်တောစပ်ရှိ လူနေအိမ်တွေကိုလည်း ဝင်ရောက်ရှာဖွေသွားသေးသည်။
စစ်ကောင်စီတပ်တွေဟာ ရွာကနေပြန်ထွက်သွားပြီးနောက် အိုင်လျားဘက် အထွက်လမ်းနဲ့ အောင်သိဒ္ဓိဘုရားအနီးမှာလည်း သေနတ်နဲ့ ပစ်ဖောက်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။