စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ၊ နိုဝင်ဘာ ၁၁ ရက် ညက တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ဒေသခံ ပြည်သူ ၄ ဦး ဒဏ်ရာကာ နေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့ည၇ နာရီကျော်လောက်က ပုလဲမြို့ဘက်ကနေ ကျေးရွာတွေဆီကို စစ်တပ်က လက်နက်ကြီးနဲ့ ၇ ချက်လောက် ပစ်ခတ်ခဲ့လို့ မြကုန်းကျေးရွာနဲ့ သေတ္တရာကျေးရွာက ပြည်သူ့နေအိမ်တွေအပေါ် ကျည်ဆန်တွေ ကျရောက်ခဲ့ပြီး ရွာသား ၄ ဦး ထိခိုက်ဒဏ်ရာရကာ ၁ ဦး လက်မောင်းထိမှန်တဲ့ ဒဏ်ရာပြင်းထန်လို့ ခွဲစိတ်ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။
သေတ္တရာကျေးရွာမှာတော့ လူနေအိမ် ၅ လုံး ကျည်ထိမှန်ပြီး အိမ် ၂ လုံး အမိုးပြန်လည် ပြင်ဆင်မိုးခဲ့ရတယ်။
မြကုန်းကျေးရွာနေရွာသူတစ်ဦးက “ ကျမတို့ မြကုန်းကျေးရွာက လူနေအိမ် ငါးလုံးက သွပ်မိုးတွေ ဇကာပေါက်ဖြစ်သွားတယ်။ တအိမ်ကတော့ အတော်လေးပျက်စီးသွားတယ်။ နွားတစ်ကောင်ရဲ့ခြေထောက် လက်နက်ကြီးကျည်ဆန် ထိမှန်ခဲ့တာတွေလည်းရှိခဲ့တယ်” လို့ ပြောပါတယ်။
အဆိုပါကျေးရွာတွေကို စစ်ကောင်စီတပ်က ခုလို လက်နက်ကြီးနဲ့ ဘာကြောင့်ပစ်ခတ်တိုက်ခိုက်တာလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။