စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် လက်ပြန်ကြိုးတုတ် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့ ကိုးတန်းကျောင်းသားအပါအဝင် အမျိုးသားသုံးယောက်ရဲ့ အလောင်းကို နိုဝင်ဘာ ၁၁ ရက်နေ့က လယ်တောအတွင်း ပြန်လည်တွေ့ရှိခဲ့ပါတယ်။
ကောလင်းမြို့နယ် အနောက်ဘက် ရှမ်းကလုံးရွာအနီးမှာ နိုဝင်ဘာလ ၇ ရက်နေ့ စစ်ကောင်စီတပ်နဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သူတို့ သုံးယောက်ကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
"တိုက်ပွဲဖြစ်နေတုန်း ဖမ်းဆီးခံရတာ ဘယ်နေ့က ပစ်သတ်ထားလည်းမသိဘူး။ အသတ်ခံရသူရဲ့ ဇနီးက သူတို့လယ်တောထဲမှာ ဦးစက်အောင်ရယ်၊ သူ့သား ၉ တန်းကျောင်းသားလေးရယ်၊ နောက် တစ်ဦးရယ် အလောင်းကို ဒီနေ့မှတွေ့တာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးအသတ်ခံထားရတဲ့ အရပ်သား တွေကတော့ ဦးစက်အောင်၊ ၉ တန်း ကျောင်းသားမောင်ဖိုးချစ်နဲ့ ဦးမြင့်ငွေ တို့ဖြစ်ကြပါတယ်။
ဖမ်းဆီးအသတ်ခံရသူ သုံးယောက်ဟာ PDF မဟုတ်ကြောင်း၊ ကောလင်းမြို့နယ် အနောက်ခြမ်းက ရွာတွေမှာ အကြောင်းမဲ့ ဖမ်းဆီးပြီး လမ်းပြခေါ်ဆောင်သွားတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။