Home
မြန်မာသတင်း
ကောလင်းနှင့် ဒီပဲယင်း ကျေးရွာများတွင် စစ်တပ်က ဝင်ရောက်မီးရှို့၊ ရွာသားများကို ပစ်သတ်
DVB
·
November 9, 2021

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်ထဲမှာ  စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ်နဲ့ စစ်အင်အားတိုးချထားပြီး ကျေးရွာတွေကို ဝင်ရောက်မီးရှို့ ရွာသားတွေကို ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးနေတာကြောင့်  ပြည်သူတသောင်းကျော် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

ကောလင်းမြို့နယ် အနောက်ခြမ်း ကျေးအင်းရွာမှာ စစ်တပ်က  ပြည်သူတယောက်ရဲ့  ခြေထောက်နဲ့ ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်ပြီး မြေမြှုပ်ခဲ့သလို  ဥက္ကံရွာမှာ ရွာသား၂ ယောက် ပစ်သတ်ခံရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

“သူတို့က ဥက္ကံရွာဘက်ကို ပိုပြီးလုပ်နေကြတာ။ ကျောက်ဖြူတောင်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ရွာသား ၂ ယောက် ပစ်သတ်ခံထားရတာရှိတယ်။ ဘယ်က ဘယ်သူတွေလဲတော့မသိသေးဘူး။ ရွာသားတွေ အားလုံးနီးပါး ပြေးနေကြရတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဥက္ကံရွာကို စစ်သားတွေ ဝင်ရောက် မွှေနှောက်ရှာဖွေနေပြီး အိမ်တွေကို ဖျက်ဆီးသလို ရွာသား ၇ ယောက် ဖမ်းဆီးခံထားရတယ်လို့လည်း သိရပါတယ်။

နေ့လယ်ပိုင်းမှာတော့ အောက်ကလုံးရွာနားက တဲအိမ်တချို့ကို စစ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဥက္ကံချောင်းနား၊ အိုင်ကြီးတလျှောက်ရွာသားတွေ တိမ်းရှောင်နေကြရပါတယ်။

မနေ့ကလည်း ကောလင်းမြို့နယ်ထဲကို ရဟတ်ယာဉ်နဲ့ စစ်ကူ ၂၀ လောက်ချပေးပြီး ဒီပဲယင်းကို ရဟတ်ယာဉ်နဲ့ ၅ ကြိမ်၊ ကျွန်းလှကို ၉ ကြိမ်အထိ စစ်သားတွေ ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၉ ရက်ဒီနေ့မှာတော့ ဒီပဲယင်းမြို့နယ်အနောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်း ၂ ခုခွဲပြီး ဝင်ရောက်လာကာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ နေအိမ်တွေကို အကြမ်းဖက်မီးရှို့တာတွေ ပြုလုပ်နေတယ်လို့ ဒီပဲယင်းမြို့နယ်၊ အင်ဘုတ်ကျေးရွာ PDF အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

လတ်တလော ဒီပဲယင်းမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာပေါင်း ၂၀ ကျော်က ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ 

စစ်ကောင်စီက သူတို့သွားမယ့်လမ်းတွေမှာ လက်နက်ကြီးတွေကြိုပစ်ပြီးလမ်းကြောင်းရှင်းနေတာဖြစ်လို့ ဒေသခံ PDF တွေဟာ ကြားဖြတ်တိုက်ခိုက်ဖို့အခွင့်အရေးမရနိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ ဒေသခံ  PDF အဖွဲ့ဝင်က ပြောပါတယ်။  

မကွေးတိုင်း ယောဒေသကိုတော့ စစ်ကောင်စီလမ်းကြောင်းက တဖြေးဖြေးချင်းတိုးဝင်နေပြီး စစ်ကားအစီး ၃၀ ထဲက ၁၄ စီးဟာ နိုဝင်ဘာ ၉ ရက်နေ့မှာ ဂန့်ဂေါမြို့နယ်ထဲကို ရောက်နေပြီလို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ကလေး-ဟားခါးလမ်းခွဲအနီးမှာ ကျန်နေခဲ့တဲ့ စစ်ကား ၁၆ စီးနဲ့ ဒေသခံ YDF တွေကတော့ ထိတွေ့မှုတွေရှိနေပြီး အခြေအနေအသေးစိတ်ကိုတော့ မပြောနိုင်သေးဘူးလို့ဆိုပါတယ်။ စစ်ကားအစီး ၃၀ ပါဝင်တဲ့ စစ်ကောင်စီလမ်းကြောင်းဟာ ယောဒေသကို တိုက်ခိုက်ဖို့ထက် ချင်းပြည်နယ်ဆီကို လက်နက်၊ ရိက္ခာနဲ့ တပ်သားတွေ ထပ်ပို့ဖို့ ရည်ရွယ်တာမျိုးပိုဖြစ်နိုင်တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF တာဝန်ရှိသူတစ်ဦးက ခန့်မှန်းပါတယ်။

ချင်းပြည်နယ်မှာတော့ စစ်ကောင်စီက အင်အားတိုးမြှင့်ဖို့ ဦးစားပေးပြင်ဆင်နေတာကြောင့် ထိတွေ့တိုက်ပွဲတွေ လျော့နည်းနေပါတယ်။ ဒေသခံ CDF တွေနဲ့ ချင်းအမျိုးသား တပ်ဦး CNF တို့ဘက်ကလည်း တိုက်ပွဲအတွက်ပြင်ဆင် ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ 

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပေမယ့် ချင်းပြည်နယ်ကိုတော့ လေကြောင်းကနေတိုက်ခိုက်ဖို့ မလွယ်ကူနိုင်ဘူးလို့ ချင်းအမျိုးသားတပ်ဦး CNF  တာဝန်ရှိသူက ဆလိုင်းထက်နီ ကပြောပါတယ်။

အနောက်မြောက်တိုင်းစစ်ဒေသကို စစ်ကောင်စီက အကြမ်းဖက်ထိန်းချုပ်ဖို့ကြိုးစားနေပေမယ့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောက်ကျားစနစ်နဲ့ ကြားဖြတ်တိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီက လေကြောင်းသယ်ယူပို့ဆောင်ရေးကိုပါအသုံးပြုပြီး စစ်ကူတွေ စေလွှတ်နေတာ ဖြစ်ပါတယ်။

အနောက် မြောက်တိုင်းစစ်ဌာနချုပ် မုံရွာမြို့နဲ့ မိတ္ထီလာမြို့တွေမှာလည်း တပ်သားအင်အားထပ်တိုးစုဆောင်းနေပြီး ၃ လအတွင်း အနောက်မြောက်တိုင်းစစ်ဒေသကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024