ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ (၇) အရှေ့ရပ်ကွက်မှာ နိုဝင်ဘာ ၁ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှုကြောင့် လူ တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်သားတွေက ပြောပါတယ်။
မနေ့ညနေ ၅ နာရီခွဲလောက်မှာ ရပ်ကွက်က ယာယီအုပ်ချုပ်ရေးမှူးရုံးအဖြစ် ဖွင့်ထားတဲ့ ခိုင်ရွှေဝါလမ်းပေါ်က နှစ်ကျိပ်ရှစ်ဆူ ဘုရား ဓမ္မာရုံမှာ ၀င်ပစ်တာဖြစ်ပြီး အသက်လေးဆယ့်ငါးခန့်အရွယ် ကိုအောင်ကြီးဆိုသူ သေနတ်ထိမှန်သေဆုံးပြီး နောက်တဦးက လက်မှာ ဒဏ်ရာရရှိလို့ ဆေးရုံတင်လိုက်ရပါတယ်။
“ကလေးတွေက၀င်ပစ်တာ ၂ ယောက်၊ တယောက်က ပွဲသိမ်းပဲ။ တယောက်က ဆေးရုံမှာ။ သေသွားတာက သုံးလမ်းက အောင်ကြီး။ သူက ဒလန်ဆိုပြီး နာမည်ကြီးနေတာ။ ပစ်တာက ညနေ ငါးခွဲလောက် မီးပြတ်သွားတဲ့အချိန်။ သူတို့က ရုံးတက်နေတာလေ နှစ်ကျိပ်ရှစ်ဆူ ဓမ္မာရုံမှာ ရုံးတက်နေတာ။ သူတို့ရုံးထိုင်တဲ့အချိန် ကလေးတွေက ရောက်လာပြီး ဆော်သွားတာ ဘယ်သူတွေမှန်းမသိဘူး။ သေနတ်က အတိုဖြစ်မယ်ထင်တယ်။ သေနတ်သံမကြားရဘူး” လို့ ပြောပါတယ်။
၇ အရှေ့ရပ်ကွက်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရုံးမဖွင့်နိုင်ချိန်မှာ လမ်းပေါ်က ဓမ္မာရုံမှာ ယာယီ ရုံးဖွင့်လှစ်ထားတာဖြစ်ပါတယ်။
အခင်းဖြစ်ပြီး မကြာမီမှာ စစ်ကောင်စီလက်နက်ကိုင်တွေရောက်လာပြီး အခင်းဖြစ်ရာနေရာအနီးက လူငယ်တွေကို ဖမ်းဆီးစစ်ဆေးနေ ပါတယ်။
သာကေတ ဒေသခံတဦးက “လမ်းသွားလမ်းလာ ကလေး ခြောက်ယောက်ကို ဖမ်းထားပြီးတော့ ဓမ္မာရုံထဲထည့်ထားတယ်။ နှိပ်စက်နေတယ်။ လုပ်တဲ့ ဟိုကလေးတွေက မရှိတော့ဘူးလေ သိတယ်မဟုတ်လား။ သူတို့က လျှင်တယ်။ အခုက မဆိုင်တဲ့လူတွေကို ဆွဲထည့်ထားတာ။” လို့ ဆိုပါတယ်။
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့သလို ဒလန်လို့ လူသိများသူတချို့လည်း ပစ်သတ်ခံခဲ့ရပါတယ်။