မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီကို အမြန်ပြန်လည်ကျင့်သုံးနိုင်ဖို့အတွက် အမေရိကန်နဲ့ အင်ဒိုနီးရှားသမ္မတတို့က ပူးတွဲ တောင်းဆိုလိုက်ပါတယ်။
အမေရိကန် သမ္မတဂျိုးဘိုင်ဒန်နဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုတို့ ပူးတွဲတောင်းဆိုခဲ့တာလို့ အိမ်ဖြူတော်က နိုဝင်ဘာ ၁ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
စကော့တလန် ဂလပ်စကိုမြို့မှာ နိုဝင်ဘာ ၁ ရက်နေ့ ကျင်းပနေတဲ့ COP26 ရာသီဥတုဆိုင်ရာ ထိပ်သီး ညီလာခံအတွင်း အမေရိကန်နဲ့ အင်ဒိုနီးရှား ခေါင်းဆောင်နှစ်ဦး သီးခြားတွေ့ဆုံဆွေးနွေးကြချိန် မြန်မာ့အရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့ကြပါသေးတယ်။အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း မြန်မာစစ်တပ်ဘက်က တာဝန်ယူဖို့နဲ့ မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးတက်ခွင့်မပြုတဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်းလည်း အမေရိကန် သမ္မတက ပြောဆိုခဲ့တယ်လို့ အိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြပါတယ်။