Home
မြန်မာသတင်း
ကုလအထူးကိုယ်စားလှယ်သစ်ကို NUG ကြိုဆို၊ မြန်မာ့နိုင်ငံရေးပြဿနာ ပူးပေါင်းအဖြေရှာမည်
DVB
·
October 27, 2021

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် စင်ကာပူနိုင်ငံသူ ဝါရင့်သံတမန် မစ္စနိုလင်းဟေဇာကို ခန့်အပ်တဲ့အပေါ်  ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၇ ရက်စွဲနဲ့ ပေးပို့ခဲ့တဲ့ အဆိုပါသဝဏ်လွှာမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့အတူ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေအတွက် အတူပူးပေါင်းအဖြေရှာကြဖို့စတဲ့ အချက် တွေ ပါဝင်ပါတယ်။

ဒေါက်တာဟေဇာဟာ မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့လည်း ထိတွေ့ ဆက်ဆံဖူးသူ ဖြစ်ပြီး ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး ကိစ္စတွေ၊ နာဂစ်မုန်တိုင်းအလွန် ပြန်လည် ထူထောင်ရေး ကိစ္စတွေမှာ အာဆီယံ၊ ကုလနဲ့ အဲဒီအချိန်က မြန်မာအာဏာပိုင်တွေ ကြားနီးနီးကပ်ကပ် အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒေါက်တာဟေဇာဟာ ကုလသမဂ္ဂရဲ့  အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးရာ ကော်မရှင် အကြီးအကဲတာဝန်ကို ၂၀၀၇ ကနေ ၂၀၁၄ အထိ ထမ်းဆောင်ခဲ့ပြီး ဒီရာထူးကို အမျိုးသမီးတွေထဲ ပထမဆုံး စတင်ရရှိနိုင်ခဲ့သူ ဖြစ်ပါတယ်။

အာဆီယံဒေသတွင်း အရှေ့တီမော  ငြိမ်းချမ်းရေး တည်ဆောက်မှုမှာလည်း ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ရဲ့ အထူးအကြံပေးအဖြစ် ဒေါက်တာဟေဇာဟာ ၂၀၁၃ ကနေ ၂၀၁၅ အထိ တာဝန်ထမ်းခဲ့သူ ဖြစ်ပါတယ်။ 

ဒေါက်တာဟေဇာဟာ ကုလအတွင်းရေးမှူးချုပ်ရဲ့ ကြားဝင်ညှိနှိုင်းရေး အဆင့်မြင့်အကြံပေး ဘုတ်ရဲ့ လက်ရှိအဖွဲ့ဝင်တစ်ယောက် ဖြစ်သလို၊ စင်ကာပူနိုင်ငံ NUS တက္ကသိုလ်က လူထုရေးရာ မူဝါဒ လီကွမ်ယုကျောင်းရဲ့ အုပ်ချုပ်ရေးဘုတ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024