မကွေးတိုင်းဒေသကြီး ပွင့်ဖြူနယ်မှာ အောက်တိုဘာ ၂၇ ရက်နေ့ မနက်ပိုင်းက မိုင်တဲလ် တာဝါတိုင်အနီးမှာ အကြမ်းဖက်စစ်အုပ်စု ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ဒေသခံပြည်သူတစ်ယောက် မွေးမြူထားတဲ့ မြင်းတစ်ကောင် လက်ပြတ်သွားကာ ပိုင်ရှင်ဆီကနေ လျော်ကြေး ၃ သိန်း ကျပ်တောင်းသွားတယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။
ပွင့်ဖြူမြို့နယ် သစ်ပုတီးကုန်းကျေးရွာမှာ ဒီကနေမနက် ၉ နာရီလောက်က မိုင်တဲလ်တာဝါတိုင် ခြံစည်းရိုးအနီးမှာ အကြမ်းဖက်စစ်အုပ်စုတွေ ထောင်ထားတဲ့မိုင်းကို ဒေသခံပြည်သူတစ်ယောက် မွေးမြူထားတဲ့ မြင်းတစ်ကောက်က နင်းမိတာကြောင့် လက်တစ်ဖက်ပြန်ထွက်သွားတာလို့ ရွာခံတစ်ယောက်က DVB ကို ပြောပါတယ်။
“သစ်ပုတီးကုန်းရွာက မိုင်တဲလ်တာဝါတိုင်မှာ သံဆူးကြိုးကာထားတဲ့ အပြင်ဘက်ကနေ ဝါးတွေနဲ့ ခြံစည်းရိုးခတ်ထားကာ အဲဒီခြံစည်းရိုး ၂ ခုကြားမှာ အကြမ်းဖက်စစ်အုပ်စုက မိုင်းမြှုပ်ထားပြီးတော့ ဝါးခြံစည်းရိုးကိုတံခါးဖွင့်တယ်ဗျ။ ကျေးရွာတွေမှာက ကျွဲ၊ နွား၊ မြင်းနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို လွှတ်ပြီး မွေးစားကြတာဆိုတော့ သူတို့မိုင်းထောင်ထားတာလည်း ကြိုတင်အသိပေးထားတာ မရှိဘူးလေ။”
ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးရွာမှာလည်း အောက်တိုဘာ ၂၃ ရက်နေ့က မိုင်တဲလ်တာဝါတိုင်နားမှာ စစ်အုပ်စုတွေ ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီးတော့ နွားတစ်ကောင် ခြေထောက်တစ်ဖက် ပြတ်ထွက်သွားကာ ပိုင်ရှင်ကို ဖမ်းဆီးပြီး မိုင်းဖိုးလျော်ကြေးငွေ ၃ သိန်းကျပ်တောင်ပြီးမှ ပြန်လွှတ်ပေးတယ်လို့ ပြောပါတယ်။
ပွင့်ဖြူမြို့နယ်ဘက်မှာ မြင်းတစ်ကောင်ရဲ့ ကာလပေါက်စျေးဟာ သိန်း ၂၀ ကျပ်ရှိပြီးတော့ နွားတစ်ကောင်ကို ၅ သိန်းကျပ်ကနေ ၁၀ သိန်းဝန်းကျင်ရှိတာကြောင့် များစွာထိခိုက်နစ်နာရတဲ့အပြင် မိုင်းဖိုးလျော်ကျေးငွေ ၃ သိန်းကျပ်ပေးဆောင်ရတာကြောင့် ဒေသခံပြည်သူတွေအတွက် များစွာဆုံးရှုံးနစ်နာရတယ်လို့ သိရပါတယ်။