စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်စွယ်တော်လမ်းမှာ အောက်တိုဘာ ၂၆ ရက် မနက် ၄ နာရီလောက် KTV ကနေပြန်လာတဲ့ ဒုရဲအုပ်တယောက်နဲ့ ရဲတပ်သားတယောက်ကို လမ်းမှာစောင့်ပြီး ပစ်ခတ်ခဲ့တယ်လို့ Sagaing Independence Army (SIA) က အတည်ပြုပါတယ်။
“KTV က ပြန်လာတဲ့ စစ်ကောင်စီလက်အောက်က ရဲတွေကို ကျနော်တို့ အဖွဲ့က လမ်းမှာ စောင့်ပြီး ပစ်ခဲ့တာပါ။ အရပ်ဝတ်နဲ့ နှစ်ယောက်ပေါ့။ အဲ့ဒီနေရာမှာပဲ သေဆုံးသွားတယ်။” လို့ SIA အဖွဲ့ဝင် တဦး က ပြောပါတယ်။
ပစ်ခံရတဲ့အတွက် ဒုရဲအုပ် ဝင်းကျော်မျိုးနဲ့ ရဲတပ်သား တယောက်တို့ နေရာမှာတွင် သေဆုံးခဲ့ပြီး လက်နက်နဲ့ ကျည်ဆန်တွေလည်း SIA က သိမ်းဆည်းရမိခဲ့ပါတယ်။
သေဆုံးသွားတဲ့ ရဲ နှစ်ယောက်ရဲ့ ရုပ်အလောင်းကို မနက် ၆ နာရီဝန်းကျင်လောက်က စစ်ကောင်စီတပ်သားတွေ လာရောက်သယ်ဆောင်သွားပြီး စစ်ဆေးနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဒါ့အပြင် မုံရွာမြို့၊ဘုရားနီလမ်းထိပ်မှာလည်း အောက်တိုဘာ ၂၅ ရက် ည ၁၁ နာရီလောက်က ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ပြီး ဒေသခံ ၄ ယောက်ဖမ်းဆီးခံရသလို မုံရွာမြို့ နာရီစင်တောင်ဘက် လေသာလမ်းမှာလည်း လူငယ်တချို့ ဖမ်းဆီးခံရပါတယ်။