Home
မြန်မာသတင်း
ရေစကြိုမြို့ နန်းဦးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း နေအိမ်ကို ပျူစောထီးအဖွဲ့ ဖျက်ဆီး
DVB
·
October 26, 2021

မကွေးတိုင်း ရေစကြိုမြို့နယ် နန်းဦးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်ဝင်းရဲ့ နေအိမ် ပရိဘောဂတွေကို ပျူစောထီးအဖွဲ့ဝင်တွေက ရိုက်ချိုးဖျက်ဆီးကာ ငွေကြေးတချို့ကို ယူဆောင်သွားတယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့ည ၉ နာရီကျော်လောက်မှာ ပျူစောထီး အဖွဲ့ဝင်တွေက PDF အယောင်ဆောင်ကာ လာရောက် ဖျက်ဆီးပြီး ပစ္စည်းတွေ ယူဆောင်သွားသလို သေနတ် နှစ်ချက်ဖောက်ကာ ခြိမ်းခြောက်သွားတယ်လို့လည်း သိရပါတယ်။

နန်းဦး၊ ရေယှား၊ မင်းရွာ ကျေးရွာအုပ်စုတွေမှာရှိတဲ့ ပျူစောထီးအဖွဲ့ဝင်တွေက လာရောက်ဖျက်ဆီးသွားတာလို့ ကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

“ဒီကောင်တွေ လာတာက PDF အယောင်ဆောင်ပြီးတော့လာတာ။ PDF တွေက အိမ်ထဲဝင်ပြီး TV တွေ ပရိဘောဂ ပစ္စည်းတွေ ဘယ်တော့မှ မဖျက်ဆီးဘူး။ PDF တွေလုပ်ရင် ပထမ သတိပေးတယ်၊ ဒုတိယက အသေသတ်တယ်၊ ငွေယူတာတွေဘာတွေ ဘယ်တော့မှမလုပ်ဘူး။ စစ်ကောင်စီ ဒေါက်တိုက်တွေဖြစ်တဲ့ မိုင်တဲတိုင်တွေကိုချည်းဆော်တာ။ အခုလို သိက္ခာမရှိ အောက်တန်းကျတဲ့ လုပ်ရပ်မျိုးမလုပ်ဘူး၊ အခုလာပြီးတော့ ဖျက်လို့ဖျက်ဆီးလုပ်တဲ့သူတွေကိုလည်း ရွာက လူတွေက ဘယ်ရွာက ဘယ်သူတွေလည်းဆိုတာ သိတယ်။” 

ရေစကြို PDF အဖွဲ့ဝင်တွေကို စုံစမ်းမေးမြန်းကြည့်ရာမှာလည်း သူတို့အနေနဲ့ အခုလို လုပ်ရပ်မျိုး ဘယ်တော့မှမလုပ်ကြောင်း ပြောဆိုပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့ ညက ရေစကြို  PDF အဖွဲ့က ကံသစ်နဲ့ဂွတ်ကြီးကျေးရွာမှာရှိတဲ့ လောင်းကစားဝိုင်းပြုလုပ်နေတဲ့ ဒလန်အိမ် နှစ်အိမ်ကို ဗုံးဖောက်ခွဲပြီး သတိပေးမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့ နေ့လယ်ကလည်း ရေစကြိုမြို့နယ် ကံသစ်ကျေးရွာမှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို People Defense Force Yesagyo ပိတ်သိမ်းအောင် ခြောက်လှန့်ပစ်ခွဲမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024