ရန်ကုန်မြို့၊ သာကေတမြို့နယ်က အမှိုက်ကန်တခုမှာ ပေါက်ကွဲမှုတခုကြောင့် ၁၃ နှစ်အရွယ် အမှိုက်ကောက်ကလေးငယ်တဦး လက်တဖက်ပြတ်သွားပါတယ်။
အောက်တိုဘာ ၂၅ ရက်နေ့ည ရှစ်နာရီခွဲလောက်က ၄ တောင်ရပ်ကွက်၊ မြို့မလမ်းမကြီးထိပ် အမှိုက်ကန်မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတဦးက "၉ နာရီထိုးကာနီးလောက်မှာ ပေါက်တာ၊ ပြင်းတယ်၊ ကလေးလက်က အရိုးပဲကျန်တော့တာ၊ အဲ့နားက အိမ်က လူတွေကို မသွားတာ များတယ်"လို့ ပြောပါတယ်။
အမှိုက်ကန်ထဲက အမှိုက်တွေကို ထိုးဆွရှာဖွေရင်း ပေါက်ကွဲခဲ့တာ သို့မဟုတ် အပြင်က အမှိုက်လာသွန်တဲ့ လှည်းပေါ်ကနေ အောက်ကိုချစဥ် ပေါက်ကွဲတာလို့ အမျိုးမျိုး ထင်ကြေးပေး ပြောဆိုနေပေမယ့် တိတိကျကျ မသိရသေးပါဘူး။
ဒဏ်ရာရကလေးရဲ့မိသားစုအပါအဝင် မိသားစု ခြောက်စုခန့် အမှိုက်ကန်အနီး တဲထိုး နေထိုင်လာတာ နှစ်ချီကြာပေမယ့် အလားတူ မဖြစ်ဖူးပါဘူး။
ပေါက်ကွဲမှုဖြစ်အပြီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေရောက်လာပြီး အနီးနေထိုင်ကြတဲ့ အဲဒီမိသားစုတွေထဲက ခြောက်ဦးခန့်ကို စစ်မေးဖို့ ဖမ်းဆီးသွားပါတယ်။
ဒီပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ လွန်ခဲ့တဲ့သီတင်းပတ်တွေတုန်းက မိုင်းတွေပေါက်ကွဲခဲ့တဲ့ နေရာနဲ့နီးပြီး စစ်ကောင်စီရေတပ်တန်းလျား အနီးဝန်းကျင်မှာပဲဖြစ်ပါတယ်။