Home
မြန်မာသတင်း
မြန်မာကိုယ်စားလှယ်မပါဝင်ဘဲ အာဆီယံထိပ်သီး အစည်းအဝေးစတင်ကျင်းပ
DVB
·
October 26, 2021

မြန်မာကိုယ်စားလှယ် မပါဝင်ဘဲ အာဆီယံထိပ်သီး အစည်းအဝေးကို အောက်တိုဘာ ၂၆ရက် ဒီကနေ့ မနက်ပိုင်းက video conferences စနစ်နဲ့ စတင်ကျင်းပနေပါတယ်။

(၃၈) ကြိမ်မြောက်နဲ့  (၃၉)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးတွေကို  အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက အိမ်ရှင်အဖြစ် စီစဉ်ကျင်းပတာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာပြည်က အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ကို တက်ခွင့်မပြုဘဲ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့သူကိုသာ ဖိတ်ကြားမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။

ဒီဆုံးဖြတ်ချက်အတိုင်း မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့  နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကို အာဆီယံ အစည်းအဝေး တက်ရောက်ဖို့  လက်ရှိ အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

မြန်မာအာဏာသိမ်း စစ်ကောင်စီကတော့ မြန်မာကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန် တက်ရောက်ဖို့ အဆင့်နှိမ့်ပြီး ဖိတ်ကြားတာကိုလက်မခံပဲ နိုင်ငံအကြီးအကဲ ဒါမှမဟုတ် အစိုးရအဖွဲ့အကြီးအကဲ ဒါမှမဟုတ် နိုင်ငံအကြီးအကဲကို ကိုယ်စားပြုမယ့် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ် ပါဝင်တက်ရောက်မှ လက်ခံမယ်လို့ တုံ့ပြန်ထားတဲ့အတွက် အခု အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်နိုင်ခြင်းမရှိပါဘူး။

အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ် ပါဝင်ခြင်းမရှိပေမယ့်  အမေရိကန်သမတ ဂျိုးဘိုင်ဒန် ကတော့ အာဆီယံ-အမေရိကန် ပူးပေါင်းအစည်းအဝေးတခုကို ဗီဒီယိုကနေတဆင့် တက်ရောက်ဖို့ ရှိနေပါတယ်။ 

Photo- ASEAN

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024