Home
မြန်မာသတင်း
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်အဖြစ် စင်ကာပူနိုင်ငံသူ မစ္စ နိုလင်းဟေဇာကို ခန့်အပ်
DVB
·
October 26, 2021

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် စင်ကာပူနိုင်ငံသူ ဝါရင့်သံတမန် မစ္စ နိုလင်း ဟေဇာကိုခန့်အပ်ကြောင်း ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ကြေညာလိုက် ပါတယ်။  

ဒေါက်တာ နိုလင်း ဟေဇာဟာ မစ္စ ခရစ္စတင်းရှရနာဘာဂီနာရဲ့ နေရာကို ဆက်ခံသူဖြစ်လာပြီး မြန်မာပြည်သူတွေကို ကူညီနိုင်ဖို့ရာ တာဝန်တွေကို တစိုက်မတ်မတ် ထမ်းဆောင်ခဲ့တဲ့အတွက် မစ္စ ဘာဂီနာ အပေါ် ကျေးဇူးများစွာ တင်ရှိကြောင်းလည်း မစ္စတာ ဂူတားရက်စ်က ဆိုပါတယ်။    

ဒေါက်တာဟေဇာဟာ မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့လည်း ထိတွေ့ ဆက်ဆံဖူးသူဖြစ်ပြီး ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး ကိစ္စတွေ၊ နာဂစ်မုန်တိုင်းအလွန် ပြန်လည် ထူထောင်ရေး ကိစ္စတွေမှာ အာဆီယံ၊ ကုလနဲ့ အဲဒီအချိန်က မြန်မာအာဏာပိုင်တွေကြား နီးနီးကပ်ကပ် အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒေါက်တာဟေဇာဟာ ကုလသမဂ္ဂရဲ့  အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးရာ ကော်မရှင် အကြီးအကဲတာဝန်ကို ၂၀၀၇ ကနေ ၂၀၁၄ အထိ ထမ်းဆောင်ခဲ့ပြီး ဒီရာထူးကို အမျိုးသမီးတွေထဲ ပထမဆုံး စတင်ရရှိနိုင်ခဲ့သူ ဖြစ်ပါတယ်။

အာဆီယံဒေသတွင်း အရှေ့တီမော  ငြိမ်းချမ်းရေး တည်ဆောက်မှုမှာလည်း ကုလ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးအဖြစ် ဒေါက်တာဟေဇာဟာ ၂၀၁၃ ကနေ ၂၀၁၅ အထိ တာဝန်ထမ်းခဲ့သူ ဖြစ်ပါတယ်။ 

ဒေါက်တာဟေဇာဟာ ကုလအတွင်းရေးမှူးချုပ်ရဲ့ ကြားဝင်ညှိနှိုင်းရေး အဆင့်မြင့်အကြံပေး ဘုဒ်ရဲ့ လက်ရှိ အဖွဲ့ဝင်တစ်ယောက် ဖြစ်သလို၊ စင်ကာပူနိုင်ငံ NUS တက္ကသိုလ်က လူထုရေးရာ မူဝါဒ လီကွမ်ယုကျောင်းရဲ့ အုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024