စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်၊အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးရဲ့ နေအိမ်ကို အောက်တိုဘာလ ၂၅ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ချိတ်ပိတ်ကာ အကြမ်းဖက် PDF နဲ့ ပတ်သက်တယ်လို့ဆိုကာ နိုင်ငံပိုင်သိမ်းဆည်း လိုက်တယ်လို့သိရပါတယ်။
မြို့ခံတစ်ဦးက “တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုမြင့်ထွေးကို အကြမ်းဖက် PDF ထောက်ပံ့သူ။ အကြမ်းဖက် PDF အားပေးသူဆိုပြီး စွပ်စွဲချက်နဲ့သူအိမ်ကို ဒီနေ့ ညနေပိုင်းမှာ အကြမ်းဖက် PDF နဲ့ပတ်သက်လို့ နိုင်ငံပိုင်သိမ်းဆည်းတယ်ဆိုတဲ့ ဗီနိုင်းလာကပ်ပြီး ချိတ်ပိတ်သွားတယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဦးမြင့်ထွေးနဲ့မိသားစုတွေဟာ တိမ်းရှောင်နေကြ ရတာဖြစ်ပြီး မြို့ပေါ်ကနေအိမ်ကိုလည်း စောင့်ရှောက်သူမရှိ ပစ်ထားခဲ့တာဖြစ်ပါတယ်။
ရေဦးမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးဟာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ခဲ့သလို လတ်တလော စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH) မှာလည်း ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားကာ သားဖြစ်သူကလည်း PDF သင်တန်းဆင်းပြီးပြီလို့ သိရပါတယ်။