ပဲခူးတိုင်း၊ ပေါင်းတည်မြို့၊ နွယ်ချို ၁ ရပ်ကွက်၊ အရှေ့လမ်းပေါ် ၁၇ လမ်းထိပ်မှာ အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၈ နာရီခွဲလောက်က ပြည်ခိုင်ဖြိုးပါတီဝင် ရှေ့နေ ၁ ဦး ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။
ပေါင်းတည်ဒေသခံတဦးက ''ရှေ့နေ မျိုးမင်းဇော်က ဆိုင်ကယ်စီးလာပြီး အပစ်ခံလိုက်ရတာ။ ပြည်ခိုင်ဖြိုးပါတီဝင်၊ အခု ပျူစောထီးအဖွဲ့ ပေါ်လာတော့ အဲ့အဖွဲ့မှာလည်း အဖွဲ့ဝင်လုပ်တယ်။ ဆိုင်ကယ်စီးလာပြီး အပစ်ခံလိုက်ရတာ။ အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းပေးဒလန်အစစ်ပါဗျာ'' လို့ ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ ကိုမျိုးမင်းဇော်ဟာ နောက်ကျောမှာ ကျည်ဆန်ထိမှန်ပြီး အသက်အန္တရယ် စိုးရိမ်ရတဲ့အတွက် ပေါင်းတည်ပြည်သူ့ဆေးရုံကနေ ပြည်ဆေးရုံကို အတွင်းလူနာအဖြစ် ပြောင်းရွှေ့ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
''ကျနော်တို့ ရဲဘော်တွေရဲ့လက်ချက်ဆိုတာ မှန်ပါတယ်။ နောက်လည်းပဲ စစ်ကောင်စီသတင်းပေးဒလန်တွေ သတိထားနေကြပါ'' လို့ PPDF အဖွဲ့ရဲ့ တာဝန်ရှိသူက အတည်ပြုပြောပါတယ်။
ပေါင်းတည်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သတင်းပေးဒလန်တွေ မကြာခဏဆိုသလို တိုက်ခိုက်ခံနေကြရပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၃ ဦးလည်း ရာထူးကနေ နုတ်ထွက်ထားတာလည်း ဖြစ်ပါတယ်။