မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်ထဲက ပြင်ဦးလွင်မြို့နဲ့ မတ္တရာမြို့တို့မှာ အောက်တိုဘာ ၂၅ ရက်နေ့က အကြမ်းဖက် စစ်တပ်ကို ထောက်ခံတဲ့ ချီတက်ပွဲတွေ လုပ်ခဲ့ကြပါတယ်။
အဲဒီထောက်ခံပွဲတွေမှာ အမျိုးသားရေးထောက်ခံသူတွေနဲ့ စစ်တပ်မိသားစုဝင်တွေ အများဆုံးပါဝင်ပြီး လူအင်အား အနည်းငယ်သာ ပါကြတယ်လို့ ပြည်သူတချို့က ဆိုပါတယ်။
မတ္တရာမြို့နေ ပြည်သူတစ်ဦးက “ဒီမနက် လုပ်တဲ့ တပ်ထောက်ခံပွဲက လုပ်သွားတာကိုတောင် မသိဘူး။ မြို့အစွန်မှာ လုပ်တာ။ သူတို့ တပ်မိသားစုဝင်တွေပဲ ပါတာ။ သူတို့ကိုယ်သူတို့ ထောက်ခံနေတာ” လို့ ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေကို အကြမ်းဖက်ဖြိုခွဲတာ၊ အပြစ်မဲ့ပြည်သူတွေကို ပစ်သတ်တာ၊ ပြည်သူတွေ နေအိမ်ကို မီးရှို့ဖျက်ဆီးတာ စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အာဏာသိမ်းစစ်တပ်က လုပ်နေချိန်မှာ အခုလို တပ်ထောက်ခံပွဲတွေ လုပ်ခဲ့ကြတာပါ။