မကွေးတိုင်း တောင်တွင်းကြီးမြို့က မြေနိမ့်ပိုင်းရပ်ကွက်တွေအတွင်းနဲ့ ပြည်လမ်းမကြီးပေါ်တို့မှာ အောက်တိုဘာ ၂၅ ရက်မနက် စောပိုင်းကစတင်ပြီး ရေကြီးရေလျှံခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက ''အရင်နှစ်တွေကနဲ့မတူဘဲ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးနဲ့ အမြင့်ဆုံးအဖြစ် ရေကြီးရေလျှံတယ်။ ပြည်သူတွေမှာ ရန်သူမျိုး ငါးပါးဒဏ်ကို အရမ်းခံစားနေရတယ်'' ပြော ပါတယ်။
အောက်တိုဘာ ၂၃ နဲ့ ၂၄ ရက်တွေမှာ မိုးမပြတ်ရွာတာကြောင့် ၂၄ ရက်ညဦးပိုင်းကစပြီး စက်စက်ယိုချောင်းရေကနေ ရေကြီးရေလျှံတာဖြစ်ပြီး လူနေရပ်ကွက်အတွင်း ရေဝင်ရောက်ခဲ့တာလို့ သိရပါတယ်။
''အလယ်ရိုးမမှာ မိုးများပြီး တောင်ကျရေတွေက ပုံမှန်ဆိုရင် မြို့လယ်ကနေဖြတ်စီးတဲ့ စက်စက်ယိုချောင်းကနေ ရေကြီးရေလျှံဖြစ်ပေါ်တာ။ စက်စက်ယိုချောင်းရဲ့ မြေသားတိမ်ကောနေ မှုတွေနဲ့ ချောင်းနဘေးက ရပ်ကွက်နေပြည်သူတွေက အိမ်ဝိုင်းမြေချဲ့ယူနေတာတွေကြောင့် အရင်နှစ်တွေထက် ပိုဆိုးတာ'' လို့ မြို့မိမြို့ဖတဦးက ပြောပါတယ်။
တောင်တွင်းကြီးမြို့မှာ မြို့ပေါ်ရပ်ကွက် ၁၀ ခုရှိပြီး အုန်းတောရပ်ကွက်၊ တောင်ပြင်ရပ်ကွက်နဲ့ ရွှေကြာအင်းရပ်ကွက်တွေဟာ နှစ်စဉ်နဲ့အမျှ ရေကြီးရေလျှံတဲ့ဒဏ်ကို နှစ်စဉ်ခံစားကြရပြီး ၁၀ စုနှစ်အတွင်း အခုနှစ်ဟာ အဆိုးဝါးဆုံး ရေကြီးရေလျှံမှုဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။