ပခုက္ကူမြို့ မြို့ရှောင်လမ်းနဲ့ ရေစကြိုလမ်းထောင့်မှာရှိတဲ့ စစ်ဆေးရေးဂိတ် မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် လမ်းဖြတ်သန်းသွားလာသူ အပြစ်မဲ့ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၄ ရက်နေ့မနက် ၈ နာရီလောက်က စစ်ဆေးရေးဂိတ်ကို ပခုက္ကူ PDF နဲ့ Seven PDF တို့ ပူးပေါင်ပြီး အဝေးထိန်းစနစ်နဲ့ မိုင်းနှစ်ဆင့် ဖောက်ခွဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် အပြစ်မဲ့ ဖြတ်သန်းသွားလာသူတဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့တာလို့ ပခုက္ကူ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
အပြစ်မဲ့ပြည်သူတစ်ဦးကို အခုလို ပစ်သတ်ခဲ့တာကြောင့် ပခုက္ကူ PDF အဖွဲ့က ထိရောက်စွာ အပြစ်ပေး သုတ်သင်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
ပခုက္ကူမြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီအုပ်စုတွေနဲ့ နီးစပ်ရာနေရာတွေမှာ မသွားလာကြဖို့၊ မလိုအပ်ဘဲ မြို့တွင်းမြို့ပြင် သွားလာလည်ပတ်မှုတွေ ရှောင်ကြဉ်ကြဖို့ ပခုက္ကူ PDFက မေတ္တာရပ်ခံထားပါတယ်။