စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှာ အောက်တိုဘာ ၂၄ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်တွေ က CDM ကျောင်းဆရာမတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက် လျှစ်စစ်ကုန်းက တိမ်းရှောင်နေတဲ့ သပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်တွေ မနေ့ည ၇ နာရီခွဲလောက် လာရောက်ရှာဖွေပြီး မရီးဖြစ်သူကို ပစ်သတ်သွားတယ်လို့ ကာယကံရှင်က ပြောပါတယ်။
ကိုကျော်ဝင်းစိန်က “ဟုမ္မလင်းမြို့ရဲ့ ဒလန်အကြီးစား ပျူစောထီးခေါင်းဆောင် မောင်မော့စ်ကို အမည်မသိအဖွဲ့က သတ်တယ်ဆိုလားမသိဘူး၊ မောင်မော့စ်ဆိုတဲ့ကောင်ကို ကျနော်အပြင်မှာ ကောင်းကောင်းတောင် မမြင်ဖူးသလို အခင်းဖြစ်ပွားတဲ့ကိစ္စဟာလည်း ကျနော်နဲ့ပတ်သက်ခြင်း မရှိပါဘူး။ ပတ်သက်ခဲ့ရင်တောင် သတ်မယ့်သတ် ကျနော့်ကို သတ်ရမှာမဟုတ်ဘူးလား၊ အခု မဆိုင်တဲ့ ကျနော့်မရီးကို သေနတ်နဲ့ ၃ ချက်လောက် ပစ်သတ်သွားတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့် သေဆုံးသူ မမေနှင်းအေးဟာ CDM ကျောင်းဆရာမဖြစ်ပြီး လက်ရှိမှာ တစ်နှစ်ကျော်သားလေး ကျန်ခဲ့ပါတယ်။
ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာမှာ အောက်တိုဘာ ၂၄ ရက် နေ့လယ် ၁ နာရီလောက်က ပျူစောထီးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မောင်မော့စ်ကို အမည်မသိ လူနှစ်ဦးက သေနတ်နဲ့ ပစ်သတ်သွားတာလို့ သိရပါတယ်။