Live
Home
ရုပ်သံ
ရနောင်းတွင် ပွဲစားခ ဘတ် ၂၀၀၀၀ စီပေး၍ ဝင်လာသော မြန်မာ ၈ ဦး ဖမ်းဆီးခံရ (ရုပ်သံ)
DVB
·
October 23, 2021

ထိုင်း-မြန်မာနယ်စပ်၊ ရနောင်းခရိုင်၊ ကရပူရီမြို့နယ်ထဲမှာ ပွဲစားခ တစ်ဦးကို ဘတ် ၂၀၀၀၀ စီပေးပြီး တရားမဝင် ဝင်လာတဲ့ မြန်မာ ၈ ဦး ဖမ်းဆီးခံရတယ်လို့ ရနောင်းဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က ကရပူရီမြို့နယ် ကျောပေါရောအုပ်စု ဘန့်ဟင်ယိုင်ရွာနားမှာ မြန်မာဘက်ခြမ်းကလူတွေ စက်လှေနဲ့တရားမဝင် ဝင်ရောက်လာပြီး ဆီအုန်းခြံထဲရှိ ကားတစ်စီးက လာကြိုသွားကြောင်း ဒေသခံတွေက သတင်းပေးတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အတူ နယ်မြေထဲမှာ ပိုက်စိပ်တိုက်လိုက်ရှာခဲ့တယ်လို့ နယ်စပ်လုံခြုံရေးယူနေတဲ့ အမှတ် ၂၅ ခြေလျင်တပ်ရင်းတာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။

အဲဒီအချိန် ချွန်းဖွန်းခရိုင် ထာ့ရှဲ့မြို့နယ် ဘန့်ဆိုင်းအွန်ဘက်ဦးတည်သွားနေတဲ့ အဖြူရောင် အီဇူးစူးကားတစ်စီးကို တားဆီးစစ်ဆေးရာမှာ ကားမောင်းသူဟာ အသက် ၃၆ နှစ်ရွယ် မွန်အမျိုးသားတစ်ဦးဖြစ်ပြီး သူက အလုပ်လက်မဲ့ဖြစ်နေတဲ့ လုပ်သားတွေကို ချွန်းဖွန်းကို သွားပို့ ပေးမလို့ဆိုပြီး ပြောပါတယ်။

ကားပေါ်မှာ မြန်မာအမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၈ ဦးပါလာပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်နေထိုင်ခွင့် အထောက်အထားတစုံတရာမရှိတဲ့အတွက် အားလုံး ဖမ်းဆီးခံလိုက်ရတာပါ။

စစ်ဆေးချက်အရ သူတို့တွေဟာ  မော်လမြိုင်ဘက်ကနေ ထိုင်းမှာ အလုပ်လာလုပ်ဖို့ ရနောင်းမှာ ၃ ရက်လာစောင့်ပြီး ပွဲစား နဲ့အဆက်အသွယ်ရတဲ့အခါ တစ်ဦးကို ဘတ် ၂၀၀၀၀ စီပေးပြီး ၂၀ ရက်နေ့ညက စက်လှေနဲ့ဝင်လာကြာင်း၊ စက်လှေထဲမှာ လူရှိမှန်းမသိရအောင် အားလုံး လဲလျောင်းပြီး အပေါ်က မိုးကာတွေအုပ်ပြီး လိုက်လာခဲ့ရတယ်လို့ ဆိုပါတယ်။

ကားမောင်းသမားကလည်း သူဟာ ထာ့ရှဲ့အုပ်စုထဲမှာ ရာဘာစေးခြစ်တဲ့ အလုပ်သမားဖြစ်ပြီး ချွန်းဖွန်းမှာရှိတဲ့ မြန်မာ ၁ ဦးက လူ ၈ ယောက်ကိုလာပို့ပေးဖို့ ဘတ် ၅၀၀၀ ပေးပြီး စေခိုင်းတာကြောင့် လိုက်ပို့ပေးရတာလို့ ဖွင့်ဟဝန်ခံပါတယ်။ 

သူတို့အားလုံးကို ကိုဗစ်-၁၉ ကူးစက်ရောဂါတားဆီးရေးဥပဒေနဲ့ရော တရားမဝင် ဝင်ရောက်မှု လဝက ဥပဒေနဲ့ပါ အရေးယူဖို့ ရဲစခန်းကို ဆက်လက်ပို့ဆောင်ထားတယ်လို့ ထိုင်းစစ်တပ်တာဝန်ရှိသူက ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024