ဟောလိဝုဒ်မင်းသားကြီး အဲလေ့စ်ဘော့ဒ်ဝင်ဟာ အောက်တိုဘာ ၂၁ ရက်နေ့က နယူးမက္ကဆီကိုရှိ ရုပ်ရှင်ရိုက်ကွင်းတခုအတွင်း ရုပ်ရှင်ရိုက်ကူးရာမှာသုံးတဲ့သေနတ်နဲ့ ပစ်လိုက်ရာမှာ ဓာတ်ပုံဒါရိုက်တာ ဟလီနာဟတ်ချင်စ်သေဆုံးသွားပြီး ဒါရိုက်တာ ဂျိုးလ်ဆောဝ်ဇာက ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ “Rust” အမည်ရှိ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတုန်း ဖြစ်ပွားခဲ့တာလို့ ဆန်တာဖေးကောင်တီ ရဲအရာရှိရုံးမှ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Rust ရုပ်ရှင်ရိုက်ကွင်းမှာ လူနှစ်ယောက် သေနတ်ပစ်ခံရတာကို ရဲအရာရှိရုံးက အတည်ပြုခဲ့ပါတယ်။
အသက် ၆၈ နှစ်အရွယ် ထုတ်လုပ်သူနဲ့ သရုပ်ဆောင် အဲလေ့စ်ဘော့ဒ်ဝင်က ရိုက်ကွင်းသုံးသေနတ်နဲ့ ပစ်ခတ်လိုက်တဲ့အခါ အသက် ၄၂ နှစ်အရွယ် ဓာတ်ပုံဒါရိုက်တာ ဟလီနာဟတ်ချင်စ်နဲ့ အသက် ၄၈ နှစ်အရွယ် ဒါရိုက်တာ ဂျိုးလ်ဆောဝ်ဇာတို့ကို ထိမှန်သွားတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဟတ်ချင်စ်ကို နယူးမက္ကဆီကိုရဲ့ တက္ကသိုလ်ဆေးရုံကို ရဟတ်ယာဉ်နဲ့ ပို့ဆောင်ခဲ့ပြီး သူ သေဆုံးသွားကြောင်း ကြေညာခဲ့ပါတယ်။
ဒါရိုက်တာ ဂျိုးလ်ဆောဝ်ဇာကိုတော့ သူ့ရဲ့ဒဏ်ရာတွေအတွက် ကုသမှုခံယူဖို့ လူနာတင်ယာဉ်နဲ့ ခရစ္စတပ်စ် စိန့်ဗင်းဆင့် ဒေသန္တရကျန်းမာရေးစင်တာကို ခေါ်ဆောင်သွားခဲ့ပြီး သူ့ရဲ့ ဒဏ်ရာပြင်းထန်မှုကိုတော့ ချက်ချင်း မဆုံးဖြတ်နိုင်သေးပါဘူး။
ရုပ်ရှင်ထုတ်လုပ်ရေးကို ကာလအကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တယ်လို့ Rust ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ LLC ကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စွဲချက်မတင်ရသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲလေ့စ်ဘော့ဒ်ဝင်ရဲ့ ရှေ့နေတွေကတော့ မှတ်ချက်ပေးဖို့ ရိုက်တာရဲ့ တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်ခဲ့ပါဘူး။
ဟောလီးဝုဒ်ရုပ်ရှင်လုပ်ငန်းအများစုကတော့ သေဆုံးသူ ဓာတ်ပုံဒါရိုက်တာ ဟလီနာဟတ်ချင်စ်ကို အောက်မေ့ဂုဏ်ပြုခဲ့ကြပြီး အမေရိကန်ရုပ်ရှင်အင်စတီကျု (AFI) ကတော့ သူ့ရဲ့ဆုံးရှုံးမှုအတွက် စကားလုံး တလုံးတည်းနဲ့ မဖော်ပြနိုင်ပါဘူး လို့ တွစ်တာမှာ ရေးသားထားပါတယ်။