ကရင်နီစစ်ရှောင်အမျိုးသမီးများ ရင်ဆိုင်နေရသည့်အခက်အခဲများနှင့်စပ်လျဉ်း၍ ကယန်းအမျိုးသမီးအဖွဲ့ချုပ်နှင့် မေးမြန်းချက်

စစ်အာဏာသိမ်းပြီးနောက် ကရင်နီ(ကယား) ပြည်နယ်အတွင်းက စစ်ဘေးရှောင် အမျိုးသမီးတွေရဲ့ လုံခြုံရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အခြေအနေတွေနဲ့ပတ်သက်လို့  ပြုစုရေးသားထားတဲ့  စစ်တမ်းတခုကို ကယန်းအမျိုးသမီးအဖွဲ့ချုပ်က ပြုစုပြီး အောက်တိုဘာလ ၁၅ ရက်နေ့က စာစောင်အဖြစ်  ဖြန့်ချိခဲ့ပါတယ်။

“ကရင်နီစစ်ရှောင်အမျိုးသမီးများ၏အသံ” လို့အမည်ပေးထားတဲ့ ဒီစာစောင်မှာ အထူးသဖြင့် စစ်ဘေးရှောင်ပြည်သူအမျိုးသမီးတွေရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို မေးမြန်းပြီး စစ်ရှောင်အမျိုးသမီးတွေ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့  အခက်အခဲနဲ့ ပြဿနာတွေကို ကောက်နုတ်ဖော်ပြထားပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတွေ ဘယ်လိုအခက်အခဲတွေရင်ဆိုင်နေရပြီး ဘာလို အကူအညီတွေ လိုအပ်နေတယ်ဆိုတာသိရဖို့  ဒီစစ်တမ်းထုတ်ပြန်ခဲ့တဲ့ ကယန်းအမျိုးသမီးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး- ၂  မူအင်နိုးဆင့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ အရင်ဆုံး ကယန်းအမျိုးသမီးအဖွဲ့ချုပ်အနေနဲ့ ဒီစစ်တမ်းကိုပြုစု စာစောင် ထုတ်ဝေရတာနဲ့ပတ်သက်လို့မေးချင်ပါတယ်။  ဘာကြောင့်ထုတ်ရတာလဲ။ ဘယ်လိုသတင်းကို ပေးချင်လို့ထုတ်ရတာလဲ။

ဖြေ။ “ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျမတို့ ပြည်နယ်မှာ စစ်တွေ ပဋိပက္ခတွေ ဖန်တီးတယ်။ ပြီးတော့ စစ်တွေဖန်တီးတယ်ပေါ့။ ပြီးတော့မှ စစ်တွေရဲ့ နောက်ဆက်တွဲက ဒီ IDPs တွေကများတယ်။ ဒီဒုက္ခသည်တွေက များလာတဲ့အချိန်မှာ ဒီဒုက္ခသည်မှာရှိတဲ့လူတွေကို ကူညီတာတွေ အများကြီးလုပ်ပေးကြတယ်။ ဒါပေမဲ့ အထူးသဖြင့် အမျိုးသမီးနဲ့ကလေးတွေ အတွက်သီးသန့်ကူညီတာတို့ သူတို့အတွက် ထည့်သွင်းစဉ်းစားပေးတာတို့ အဲလိုမျိုးတွေက သေသေချာချာမလုပ်နိုင်ခဲ့ဘူး။ ဆိုတော့ ကျမတို့ ကယန်းအမျိုးသမီးအနေနဲ့ အဲဒီအပိုင်းမှာ တတ်နိုင်သလောက်တော့ ကူညီတယ်။ တခြားအမျိုးသမီးအစုအဖွဲ့လည်းကူတယ်။ ဒါပေမဲ့ သေသေချာချာ မလုပ်ပေးနိုင်ခဲ့တဲ့အတွက် သူတို့က တကယ့် စစ်ရဲ့ ဓားစားခံ ဖြစ်တဲ့လူတွေဖြစ်တယ်။ ဥပမာ အမျိုးသမီးတွေဆိုရင် ပိုပြီးမှ ဥပမာ မီးလောင်တာတို့၊ စစ်ဖြစ်တာတို့ဆိုရင် ပြေးတာတို့လွှားတာတို့ဆိုရင် သူတို့အတွက် လုံခြုံရေးက အမျိုးသားတွေထက် ပိုပြီးတော့ စိုးရိမ်ရတဲ့ဟာတွေရှိတယ်ပေါ့နော်။ ဆိုတော့ ကျမတို့က သူတိုရဲ့ အခက်အခဲ လုံခြုံမှုတွေကို ကျမတို့ ဖော်ထုတ်ချင်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် အဲလိုဖော်ထုတ်ခြင်းက ကျမတို့အမျိုးသမီးတွေက သူတို့ကို ကူညီတဲ့အပိုင်းမှာ အထူးသဖြင့် လုံခြုံရေးပိုင်းစဉ်းစားတဲ့အခါမှာ အမျိုးသမီးတွေအတွက် ပိုပြီးတော့ စဉ်းစားပေးနိုင်ဖို့ ကျမတို့ရည်ရွယ်ပြီးကျမတို့ ဒီလိုမျိုးစာစောင်တွေ ထုတ်ရခြင်းဖြစ်တယ်ပေါ့နော်။”

မေး။ အခုနက ပြောသလို အမျိုးသမီးတွေဟာ စစ်ဘေးမှာပဲ ဖြစ်ဖြစ် ဘယ်နေရာပဲ မဆို လုံခြုံမှုအပိုင်းမှာ ပိုပြီးတော့ အမျိုးသားတွေထက် ပိုပြီးတော့ ခံရတာတွေရှိတဲ့အတွက် အခုလက်ရှိ ကယားပြည်နယ်မှာ ကယားအမျိုးသမီးတွေအနေနဲ့ စစ်ဘေးရှောင်နေရတဲ့အချိန်မှာ သူတို့ရဲ့လုံခြုံမှု အနေအထား ဘယ်လိုတွေ့ရလဲ။

ဖြေ။ “သူတို့အတွက် မလုံခြုံဘူးပေါ့နော်။ သေချာတာကတော့ ပြန်တိုက်မယ်၊ ပြန်ခိုက်မယ်၊  သူတို့ဘက်ကာကွယ်တဲ့ နည်းနာတွေဆိုရင်လည်း သူတို့မှာ မရှိဘူးပေါ့နော်။ သူတို့ရဲ့ မလုံခြုံမှုပိုင်းမှာဆိုရင်ရင် နှစ်မျိုးရှိတယ်ပေါ့နော်။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော မလုံခြုံဘူးပေါ့နော်။ စိတ်ပိုင်းဆိုင်ရာဆိုရင် ဥပမာ သူတို့တွေက သူတို့အိမ်တွေ၊ သူတို့ရွာတွေ မီးရှို့တာ၊ လက်နက်ကြီးကျတာတွေ၊ တိုက်ပွဲဖြစ်တဲ့အခါ သူတို့ကြုံတွေ့နေရတဲ့အခါကျတော့ တချို့ဆိုရင် ဒီတိုက်ပွဲကြားထဲမှာမှ လက်နက်ကြီးကျည်ကျတဲ့အချိန်သူ့ပါပါတယ်ပေါ့နော်။ ဆိုတော့ သူတို့တွေက အခုချိန်ထိ စိတ်ပိုင်းဆိုင်ရာအရ ဒီနေ့ဘာတွေဖြစ်လဲဆိုတာ သူတို့စိုးရိမ်ရတယ်။ အိပ်မရဘူး။ အဲလိုဖြစ်တယ်ပေါ့နော်။ ဒါက စိတ်ပိုင်းဆိုင်ရာအရ လုံးဝ မလုံခြုံဘူးပေါ့နော်။ နောက်တခု ဒီလိုမျိုးတွေဖြစ်တဲ့အတွက် သူတို့ယောကျ်ာသားတွေမရှိတဲ့အတွက် သူတို့အရမ်းစိုးရိမ်တယ်။ သူတို့ကို စစ်တပ်တွေက လာပြီးတော့ ဖမ်းမလား၊ မုဒိမ်းကျင့်မလာဆိုတဲ့ စိုးရိမ်နေတဲ့စာတွေရှိတယ်ပေါ့နော်။ ရုပ်ပိုင်းဆိုင်ရာကျတော့ သူတို့က ရွေ့ပြောင်းနေရတာပြောပေမယ့်လည်း ဒီကရင်နီပြည်နယ်မှာဆိုရင် တပ်တွေ ထပ်တိုးလာတာတို့၊ စစ်ရှောင်စခန်းအထိလိုက်ပြီး တက်သွားတာတို့အဲလိုမျိုး ရှိတယ်ပေါ့နော်။ လိုက်ပြီးတော့ စစ်တယ်။ စစ်တပ်တွေက အဲလိုမျိုးသွားပြီး သွားပြီး စစ်တဲ့အချိန် သူတို့တွေ အဲဒါတွေ ကြားရင် မလုံခြုံဘူး။ သူတိုပတ်ဝန်းကျင်အရ ရုပ်ပိုင်းဆိုင်ရာအရ မလုံခြုံတဲ့ဟာ ခံစားရတယ်ပေါ့နော်။”

 မေး။ အခုန ပြောသလို စစ်တပ်က ဖမ်းပြီး မုဒိမ်းကျင့်မှာ၊ သတ်ဖြတ်မှာတို ကြောက်ရွံမှုတွေ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေခံစားနေရှိတယ်လို့ ပြောတာပေါ့နော်။ တကယ့်တကယ်မြေပြင်မှာ အဲလို အဖြစ်အပျက်တွေ ဖြစ်တာတွေရှိလား။

 ဖြေ။ “ အခုလောလောဆယ် ကျမတို့လက်လှမ်းမှီသလောက်တော့ မရှိသေးဘူးပေါ့နော်။ ဒါပေမဲ့ ကျမတို့ လက်လှမ်းသိပ်မမှီတဲ့တချို့တွေရှိတယ်။ ဥပမာ အမျိုးသမီးတွေကို သူတို့ ခေါ်သွားတဲ့ဟာတွေ ရှိတယ်ပေါ့နော်။ ဖမ်းသွားတဲ့ဟာတွေ၊ ဖမ်းသွားတဲ့ဟာတွေမှာ အမျိုးသမီးတွေလည်းပါတယ်။ အဲဒီအမျိုးသမီးတွေနဲ့လည်း ကျမတို့က ချိတ်ဆက်မရတဲ့အတွက် သူတို့ဘယ်လိုရင်ဆိုင်ကြုံတွေနေရလဲဆိုတဲ့ဟာတွေကို ကျမတို့ အသေးစိတ်မသိရသေးဘူးပေါ့နော်။ ”

မေး။ အခုသိသလောက်ဆိုရင် စစ်ဘေးရှောင်နေတဲ့အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေတွေမှာ စစ်ဘေးရှောင်ကြတယ်ပေါ့နော်။ ဒီတိုင်းရင်းသားလက်နက်ကိုင်ဘက်က လုံခြုံမှုပေးတာတွေရှိလား၊ သို့မဟုတ် အခုန လိုပဲ စစ်တပ်ကလိုမျိုး အန္တရာယ်ပြုတွေ ကြားမိတာမျိုးတွေကောရှိလား။

ဖြေ။ “တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်တဲ့နယ်မြေမှာ ခိုလှုံရတဲ့အမျိုးသမီးတွေကတော့ လုံခြုံတယ်ပေါ့နော်။ အခုလောလောဆယ်အထိ ဘာမှ မလုံခြုံတဲ့ဟာမျိုးမကြားရသေးဘူး။ လုံလုံခြုံခြုံရှိတယ်။ သူတို့ကတော့ လူသားတယောက်အနေနဲ့ ကရင်နီပြည်သားတယောက်အနေနဲ့ လုံခြုံအောင် လုံခြုံရေးယူပေးတာတို့၊ လုံခြုံအောင် အတတ်နိုင်ဆုံး လုပ်ပေးထားတာတွေရှိတယ်ပေါ့နော်။ ဆိုတော့အခု လောလောဆယ်တော့ ဘာမှမကြားရသေးဘူး။ ကျမတို့လည်း မျှော်လင့်တယ်။ ကျမတို့ဒီအမျိုးသမီးတွေအတွက် လုံခြုံရေးပိုင်းမှာ စဉ်းစားတဲ့အခါကျရင် အဲဒီတိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ လုံခြုံပေးမှုတွေ အများကြီး လိုအပ်တယ်ပေါ့နော်။ ဆက်ပြီးပေးဖို့လည်း ကျမတို့ မျှော်လင့်တယ်ပေါ့။  ”

မေး။ ကရင်နီ (ကယား) ပြည်နယ်မှာ စစ်ရှောင်တွေထဲက အမျိုးသမီးနဲ့ကလေး ဘယ်လောက် ရာခိုင်နှုန်းရှိလဲ။

ဖြေ။ “ကလေးကတော့ အဲလောက်ထိ မယူလိုက်မိဘူးပေါ့နော်။ ဒါပေမဲ့ ရာခိုင်နှုန်းအရကြည့်မယ်ဆိုရင် အမျိုးသမီးတွေက အမျိုးသားထက် ပိုများတယ်ပေါ့နော်။ ဒီစစ်ရှောင်ထဲမှာ။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားတွေက သွားလာလှုပ်ရှားလို့ရသေးတယ်။ အမျိုးသမီးတွေကတော့ လုံခြုံတဲ့နေရာတနေရာကို ရောက်ဖို့ စစ်ရှောင်ကြတယ်ဆိုတော့ အမျိုးသမီးရဲ့ဦးရေကတော့ အမျိုးသားဦးရေထက် ပိုများတယ်ပေါ့နော်။ ရာခိုင်နှုန်းအရဆိုရင် ၇၀ ရာခိုင်နှုန်းလောက်ရှိမယ်လို့ ကျမထင်တယ်ပေါ့နော်။ ဒါပေမဲ့ အပြောင်းအလဲအရမ်းမြန်တယ်။ ဘာဖြစ်လို့လဲဆိုရင် နေ့တိုင်း လက်နက်ကြီးတွေထုတာတို့၊ စစ်ပွဲတွေဖြစ်တာတို့ အသေးရော၊ အကြီးရော စစ်ပွဲတွေ ဖြစ်တဲ့ဟာတွေ ရှိတဲ့အတွက် လူတွေက ပြောင်းရွေ့ပြီးတော့ နေနေရတယ်ပေါ့နော်။ နည်းနည်းအခြေအနေကောင်းရင် အိမ်ပြန်တာတို့ အဲလိုမျိုးတွေ အခြေအနေပြန်ဆိုရင် ပြန်သွားရတာတို့ အဲလို မျိုးအခါကျတော့ စစ်ရှောင်စာရင်းတွေ ဂဏန်းမငြိမ်ဘူးပေါ့နော်။ ”

မေး။ အခု စစ်ရှောင်နေရတဲ့အမျိုးသမီးတွေအနေနဲ့အခုလက်ရှိ ဘာတွေလိုအပ်နေလဲ။ စစ်ရှောင်တွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်းရှိနေတဲ့အခါကျတော့ သူတို့ အတွက် ဘာတွေအခက်အခဲရှိတာကိုတွေ့မြင်ရလဲ။

ဖြေ။ “ အဓိကလိုအပ်တာကတော့ ဆေးဝါးပေါ့။ ပြီးတော့ သူတို့နေရေးထိုင်ရေး စားဝတ်နေရေးပေါ့။ အခုက စစ်ရှောင်စခန်းတွေမှာ များသောအားဖြင့် ကိုဗစ်-တွေလည်း အရမ်းဖြစ်နေပြီပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ လူက အုပ်လိုက်နဲ့နေတဲ့အခါကျတော့ လူက များတော့ ကိုဗစ်တွေက အရမ်းဖြစ်နေတဲ့အတွက် ဆေးဝါးကုသဖို့ ဆေးမလုံလောက်တာတို့ အဲဒါ အဓိက လိုအပ်တာပေါ့နော်။ နောက်တခုခါကတော့ ဒီကျန်းမာရေးအရ စားဖို့သောက်ဖို့ အဟာရရှိတဲ့အစားအစာတွေ၊ နောက်ပြီးရေပေါ့နော်။ ရေမရှိတဲ့နေရာတွေရှိတယ်။ မိုးရွာလို့ မိုးရေပဲ သောက်သုံးရတဲ့ဟာမျိုးတွေရှိတယ်။ ရေမရှိတဲ့ဟာမျိုး၊ ညစ်ပတ်တဲ့ရေကိုပဲ သောက်သုံးရတာမျိုးရှိတယ်ပေါ့နော်။ အဲဒါအပြင် အိမ်သာတွေရော တကိုယ်ရေသန့်ရှင်းမှုအပိုင်းမှာ အရမ်းလိုအပ်တယ်ပေါ့နော်။ နောက်တခုက အမျိုးသမီးထုအတွက်အမျိုးသမီးရဲ့ လစဉ်သုံးတွေ၊ အသုံးအဆောင် အမျိုးသားနဲ့မတူတဲ့ဟာတွေလည်း လိုအပ်တယ်ပေါ့။ ”

မေး။ စစ်ရှောင်တာက ဘယ်မြို့နယ်က များလဲ။ တပြည်နယ်လုံးပဲလား၊ စာစောင်ထဲမှာဆိုရင် ဖားဆောင်းတို့၊ မယ်စဲ့တို့ဘက်မှာလည်း စစ်ရှောင်တွေကို မေးထားတာတွေ့လို အဲဒီဘက်မှာလည်း စစ်ရှောင်ရတာတွေရှိလား။

ဖြေ။ “ အခုနက ကျမပြောသလိုဆိုရင် တပြည်နယ်လုံအတိုင်းအတာလည်းဖြစ်တယ်ပေါ့နော်။ ဥပမာ ရှားတောမှာဖြစ်ရင် ရှားတော့မှာများလာတယ်၊ အဲလိုမျိုးပေါ့။ ဒီးမော့ဆိုမှာဖြစ်ရင် ဟို့အနောက်ကယန်းဘက်၊ အဲလိုတိုးလာတာတို့ပေါ့။ လွိုင်ကော်မှာဖြစ်ရင်လည်း လွိုင်ကော်မြို့ထဲမှာ ပိုများလာတာရှိတယ်။ ဖြစ်တဲ့ပေါ်မှာ မူတည်တာပေါ့။ ဒါပေမဲ့ တပြည်နယ်လုံးအတိုင်းအတာကတော့ စစ်ရှောင်တွေက ရှိနေတယ်ပေါ့နော်။ ”

 မေး။ ကယန်းအမျိုးသမီးအနေနဲ့ မီဒီယာကနေဆင့် ဘာပြောချင်လဲ။

ဖြေ။ “ ပြောချင်တာက စစ်ရှောင်အမျိုးသမီးအတွက်ရော၊ ပြီးတော့ စစ်ရှောင်တွေအတွက် အခုလောလောဆယ်တခုက အဆင်ပြေပေမယ့် တခုက အဆင်မပြေတဲ့ဟာ အများကြီး ရှိတယ်ပေါ့နော်။ နောက်ပိုင်းရေရှည် ဒီ NUG အစိုးရသော်လည်းကောင်း၊ အလှူရှင်သော်လည်းကောင်း၊ ရေရှည်အစီစဉ်တွေ ဆွဲထားပေးဖို့လိုတယ်လို့ ကျမ မြင်တယ်ပေါ့နော်။ အခုဆိုရင် စားဖို့သောက်ဖို့ တချို့ဆန်တွေရှိသေးတယ် ပြောပေမယ့်လည်း အခုက တောင်ယာတွေလည်း လုပ်လို့မရဘူး။ လယ်ယာတွေလည်း လုပ်လို့မရဘူး။ စားဖို့ သောက်ဖို့ကတော့ စားဝတ်နေရေးပိုင်းမှာ ကျမတို့ ပြန်ပြီးတော့ အများကြီး ပြန်စဉ်းစားပေးဖို့လိုတယ်ပေါ့နော်။ ဒါ့အပြင် သူတို့ရဲ ကျန်းမာရေးရော၊ နေဖို့ ထိုင်ဖို့နေရာတွေရော အကယ်၍ လုံးဝ ပြန်လို့မရတော့ရင် စစ်ရှောင်စခန်းကို ကျမတို့ ဥပမာ နယ်စပ်တနေရာမှာ သေသေချာချာလေး လုပ်ပေးဖို့လိုတယ်။ အခုကျတော့ ယာယီပဲဖြစ်တယ်။ မိုးရွာတို့၊ လေတိုက်တာတို့ ဆိုရင်မခိုင်ခံ့ဘူး။ ဒါကြောင့် ဒါတွေကို ရေရှည်အတွက် စဉ်းစားပေးဖို့လိုတယ်လို့ ကျမထင်တယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up