ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ အောက်တိုဘာ ၂၁ ရက်ညက စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးခဲ့တယ်လို့ ကရင်နီတပ်ဖွဲ့ကပြောပါတယ်။
ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာ၊ ကျိုးပင်ကုန်းကျေးရွာနဲ့ နန်းဖဲကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်လိုက်ခဲ့တာလို့ KNDF ပြောခွင့်ရသူက ပြောပါတယ်။
“မနေ့ညက တိုက်ပွဲ ၄ ကြိမ်ဖြစ်တယ်လေ။ စစ်တပ်ဘက်က ထိခိုက်ကျဆုံးတွေ တော်တော်များတယ်။ ဘာလိုလဲဆိုတော့ မိုင်းဆွဲ တိုက်ခိုက်လိုက်တာကိုး။ မိုင်းဆွဲတိုက်ခိုက်တော့ စစ်ကား ၃ စီး၊ နောက် ၂၆ ယောက်က သေတယ်။ နောက်လူ သုံး လေးဆယ်လောက် ဒဏ်ရာရတယ်။ အခုလည်း အဲဒီမှာ ပိတ်မိနေတုန်းပဲ။”
စစ်ကောင်စီဘက်က သူတို့တပ်တွေကို လာရောက်ပြီး ရိက္ခာဖြည့်ပေးလာတဲ့အတွက် လမ်းမှာ ကရင်နီပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် မနေ့ည ၇ နာရီလောက်ကလည်း ဒီးမာ့ဆိုမြို့နယ် ရဲစခန်းအနီးမှာ စစ်ကောင်စီဘက်က လွှတ်တင်ထားတဲ့ ဒရုမ်းကို ကရင်နီတပ်ဘက်က ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့လည်း ပြောပါတယ်။
အလားတူ မနေ့မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်မှာ လွိုင်ကော်တက္ကသိုလ် အနီး ဗုံးပေါက်ကွဲခဲ့ပြီး၊ စစ်ကောင်စီတပ်ဘက်က ၂ ဦးကျဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။
မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ကရင်နီပူးပေါင်းတပ်ဘက်က ထိခိုက်သေဆုံးတာ မရှိကြောင်း KNDF ပြောခွင့်ရသူက ဒီဗွီဘီကို ပြောပါတယ်။