Home
မြန်မာသတင်း
NUG ယာယီသမ္မတ ဒူဝါလရှီးလ သီတင်းကျွတ်ဆုတောင်း၊ တော်လှန်ရေးတွင် ဆက်လက်ပါဝင်ကြရန် တိုက်တွန်း
DVB
·
October 20, 2021

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ကျရောက်တဲ့ သီတင်းကျွတ် လပြည့်နေ့မှာ ဆုတောင်းစကား ပြောကြားလိုက်ပြီး တော်လှန်ရေးမှာ ဆက်လက်ပါဝင်ကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

သီတင်းကျွတ်အခါသမယဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူး အထူးကို အောက်မေ့သတိရပူဇော်ကြတဲ့ကာလ ဖြစ်သကဲ့သို့ တပြည်လုံးမှ မိသားစုဝင်တွေ၊ မိဘနဲ့ သားသမီးတွေ၊ သက်ကြီးရွယ်အိုတွေကို ဂါရဝပြုကြလေ့ရှိတဲ့ ချစ်ခင်ကြင်နာမှု ထုံမွှန်းနေလေ့ရှိတဲ့ အချိန်အခါဖြစ်ပေမယ့် အခုအချိန်မှာတော့ စစ်အာဏာရှင် မင်းအောင် လှိုင်နဲ့ စစ်အုပ်စုတို့ရဲ့ ဖိစီးနှိပ်စက်မှုတွေကြောင့် မိသားစုများစွာမှာ တကွဲတပြား ဖြစ်နေ ကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကျဉ်းထောင်တွေထဲ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူတွေ၊ တိုင်းပြည်ရဲ့ အာဏာရှင် စနစ်ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် နေရာ ကဏ္ဍ အသီးသီးမှာ တိုက်ပွဲဝင်ပံ့ပိုးပေးနေသူတွေ၊ စစ်ဘေးရှောင်စခန်းတွေက ပြည်သူတွေ အားလုံး မိသားစုအသီးသီးနဲ့ အမြန်ဆုံးငြိမ်းချမ်းစွာ ဆုံစည်းကြစေနိုင်ဖို့လည်း အမျိုးသား ညီညွတ်ရေးအစိုးရမှ အစွမ်းကုန်ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ရဲ့ ရမ်းကားသတ်ဖြတ်မှုတွေကြောင့် ပြန်လည်အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ မိဘတွေနဲ့ သားသမီးတွေရဲ့ ဝမ်းနည်းပူဆွေးမှုတွေကိုလည်း ထပ်တူ ခံစားမိကြောင်းနဲ့ ပြည်သူလူထုတရပ်လုံးအနေနဲ့ သူတို့ရဲ့ စွန့်လွှတ်စွန့်စားမှုတွေကို သတိရပြီး စာနာလေးစားစိတ်တွေနဲ့ ပြည်သူ့တော်လှန်ရေးကို တခဲနက် ဆက်လက်ပါဝင် အားဖြည့်ကြဖို့လည်း မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။

အာဏာသိမ်း မင်းအောင်လှိုင်နဲ့ စစ်အုပ်စုတို့ရဲ့ ကိုယ်ကျိုးအတွက် စတေးခံနေရတဲ့ တပ်မ တော်သားတွေ၊ ရဲဝန်ထမ်းတွေနဲ့ ဌာနအသီးသီးမှ လူပုဂ္ဂိုလ်တွေကိုလည်း သီတင်းကျွတ် အခါသမယမှာ မိမိတို့ရဲ့ လုပ်ရပ်တွေကို ပြန်လည်စဉ်းစားဆင်ခြင်ကာ ပြည်သူနဲ့အတူ အ မြန်ဆုံးပူးပေါင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတ ရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁၁၈၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၉,၀၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024